Thursday, October 22, 2009

Karenni Test

ꤕꤟꤢꤧ꤬ꤊꤢꤦ ꤗꤟꤢꤩ꤬ꤜꤣꤙꤛꤢ꤭ꤓꤛꤢ꤬ ꤚꤟꤥꤋꤛꤢꤩ꤭ꤜꤢꤨ꤭ ꤕꤟꤢꤧ꤬ ꤕꤚꤟꤢꤧ꤬ꤜꤟꤢꤨ꤬ꤗꤛꤢꤩ꤭ ꤢ꤬ꤒꤟꤢꤧ꤬ꤖꤛꤢꤩ ꤒꤟꤢꤧ꤬ꤗꤟꤢꤩ꤬ ꤒꤢ꤬ꤟꤢꤩ꤬꤯
ꤒꤟꤢꤧ꤬ꤗꤟꤢꤩ꤬ꤜꤟꤛꤢ꤬ ꤙꤢꤧ꤬ꤟꤢꤪ ꤘꤣ ꤕꤟꤢꤧ꤬ꤜꤟꤥ꤬꤯

ꤖꤢꤨꤔꤛꤣ꤬ꤚꤢꤪ ꤊꤢ꤬ꤛꤢ꤭ꤜꤟꤤ꤬ ꤖꤢꤨꤞꤤ꤭꤮

ꤠꤢ꤭ ꤞꤢꤧꤐꤟꤢꤦ ꤘꤛꤢꤩꤟꤢꤧ꤭ ꤘꤛꤢꤩꤚꤢꤩ꤬ ꤊꤟꤌꤣ꤭ꤞꤤ꤭ ꤘꤣ ꤢꤛꤢꤡꤢꤦ ꤚꤟꤥꤋꤛꤢꤩ꤭ꤜꤢꤨ꤭, ꤙꤤꤢ꤬ꤡꤟꤛꤢ ꤔꤢ ꤔꤟꤢꤧ꤬ꤔꤛꤣ꤬꤯

ꤓ꤉ꤟꤥ꤭ ꤒꤟꤢꤧ꤭ ꤘꤣ ꤢ꤬ꤞꤎꤢꤪ꤭ꤒꤢ꤬ꤙꤢꤧ꤬ ꤔꤛꤣ꤬ꤗꤟꤢꤩ, ꤗꤢ꤬ꤗꤟꤢ ꤒꤢ꤬ꤋꤥ꤭ ꤓ꤉ꤟꤥ꤭ꤘꤣ ꤓꤢ꤬ꤕꤜꤢꤪ꤬ ꤒꤣ꤬ꤕꤜꤢꤪ꤬ ꤚꤢꤪ ꤓ꤉ꤟꤥ꤭ꤓꤛꤢ꤬ ꤚꤟꤥꤒꤟꤛꤣ ꤢꤧ ꤓꤢꤦ꤬ꤓꤛꤢꤩ꤭ ꤒꤢ꤬ꤊꤤ꤬꤯

Monday, January 5, 2009

မြန်မာယူနီကုဒ် နှင့် မြန်မာဝက်ဆိုက်များ အနာဂတ် (အင်တာဗျူး အပိုင်း - ၂)

Source : http://www.lawka-ahla.com/news.php?item.534

မြန်မာဘာသာနဲ့ ရေးထားတဲ့ အင်တာနက် စာမျက်နှာများကို လေ့လာကြည့်ရာမှာ မြန်မာသရီးဖောင့်ကို သုံးထားတဲ့
ကိုသင်ကာ ( ) ကို ကျွန်မတို့လောကအလှ မှ သိလိုသည်များကို မေးမြန်းခဲ့ပါတယ်။


ကိုသင်ကာရဲ့ ဘလော့ဂ်မှာ မြန်မာသရီး ဖောင့်ကို သုံးထားတာကိုတွေ့ရပါတယ်။ တခြား အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကို သုံးထားကြတော့ ကိုသင်ကာက ဘာကြောင့် မြန်မာသရီးဖောင့်ကို သုံးတာပါလဲ သိပါရစေ။

- ဖောင့်ကိစ္စအထစ်အငေါ့လေးတွေ လေ့လာရာကနေ ဇော်ဂျီဖောင့် ဘယ်ကိုသွားနေလဲ၊ အနာဂတ် အွန်လိုင်း စာလုံးသုံးစွဲရေး၊ ကွန်ပျူတာ (သို့) အွန်လိုင်းမှာ နိုင်ငံတကာ အသိအမှတ်ပြု ဖောင့်နဲ့ သိမ်းဆည်းနိုင်၊ ရပ်တည်နိုင်ရေး စတာတွေ ဆက်စပ်တွေးမိလာတယ်။ Solveware Solution က စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ ကိုငွေထွန်း၊ ကျွန်တော့့်ရဲ့ စိတ်ဝင်စားမှုကို ပိုပြီး ကျယ်ပြန့်လာစေတဲ့ မြန်မာစာဆရာကြီး ဂွျန်အိုကဲ၊ IT Pro ဖိုရမ်မှာ ဖတ်ရတဲ့ ဆွေးနွေးချက်တွေကနေသိတဲ့ ဗဟုသုတ၊ နောက်ဆုံး ကိုမှော်ဆရာရဲ့ ယူနီကုဒ် မြင်းရိုင်းနှင့် ဘိုင်နရီ ခေတ်လွန် မြန်မာစာ ယဉ်ကျေးမှု () စာတမ်းတို့က ဘလော့ဂ်မှာ မြန်မာယူနီကုဒ်ဖောင့်ကို ပြောင်းရေးဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။

ယူနီကုဒ်ဖောင့်နဲ့ ပြောင်းရေးပြီးနောက် လာရောက်လည်ပတ်သူများရဲ့ တုုံ့ပြန်မှုကရော….

- ဒီဇင်ဘာ ၂၆ ကနေ ပီပီပြင်ပြင်စပြီးတော့ ယူနီကုဒ်နဲ့ ရေးတယ်။ လာရောက် လည်ပတ် ဖတ်ရှုသူ ၆၀ ရာခိုင်နှုန်းလောက်က ယူနီကုဒ်ဖောင့်ကို လိုလိုချင်ချင်ပဲ ထည့်ကြတယ်။ အသုံးများကြတာ မြန်မာသရီးပါ။ ၁၅ ရာခိုင်နှုန်းလောက်ကတော့ မကျေနပ်ချင်ဘူး ထင်ပါတယ်။ ကျန်တဲ့သူတွေကတော့ ဖတ်မရတော့ မဖတ်ဘူးဆိုပြီး လှည့်ပြန်သွားပုံရတယ်။ Hit Counter နဲ့ ဘလော့ဂ် ကိန်းညွှန်းကို ကြည့်ပြီး ခန့်မှန်းပြောရတာပါ။ ဒီနေ့မနက် ဘလော်ဂါတစ်ယောက်ကတော့ မေးလ်ပို့ပါတယ်။ သူလည်း ယူနီကုဒ်နဲ့ ပြောင်းရေးတော့မယ်လို့ ဆိုလာပါတယ်။ ကြိုဆိုလိုက်ပါတယ်။

ဖတ်မရတဲ့သူတွေက အကူအညီတောင်းတာ နည်းပညာမေးတာမျိုး ရှိ မရှိ သိပါရစေ။

- ရှိပါတယ်။ ဖောင့်သွင်းဖို့၊ မသွင်းချင်ရင်တော့ ကွန်ဗက်တာ ထည့်ကြဖို့ အကြံပေးပါတယ်။ ကျနော့် ဆိုဒ်ဘားမှာ လင့်ခ်တွေ ပေးထားပါတယ်။ အစပိုင်းမှာ ကျနော် သေချာ မရှင်းပြတတ်ဘူး။ ကိုမှော်ဆရာက စနစ်တကျလေး ယူနီကုဒ်ဒေါင်းလုဒ် ဘလောဂ်လေး () လုပ်ပေးထားတာတွေ့တော့ အဲဒါပဲ အခု ညွှန်းနေတယ်။ တော်တော် ကောင်းတဲ့ ဖောင့် ဘလော့ဂ်လေးပါ။

မြန်မာဘာသာကို အသုံးပြုတဲ့ website တွေမှာ ဘယ်မြန်မာဖောင့်ကို သုံးရင် အဆင်ပြေဆုံး ဖြစ်ပါမလဲဆိုတာ သုံးသပ်ပေးပါလား။

-ယူနီကုဒ်စနစ်ကိုလိုက်နာတဲ့ ဖောင့်တွေ ရှိပါတယ်။ ရွေးချယ်နိုင်ကြပါတယ်။ နောက်ဆုံးအဖြစ် ယူနီကုဒ် ၅.၁ ကိုလိုက်နာတဲ့ ဖောင့်တွေလည်း ထွက်လာပြီ။ ဖောင့်ပုံစံအချိုးအစားက အကြိုက်တစ်မျိုးစီ ရှိကြမယ် ထင်တယ်။ ကျွန်တော််ကတော့ မြန်မာသရီးဖောင့်ကို လှတယ်ထင်တယ်။ ဒါပေမယ့် ဆိုဒ် ၁၂ ဆို သိပ်သေးတော့ ၁၃ နဲ့ ရေးတယ်။ ဘီဘီစီမြန်မာပိုင်းမှတော့ မြန်မာဝမ်းနဲ့ သုံးထားတာ တွေ့ရတယ်။ မြန်မာသရီးထွက်နေတာ သူတို့သိရသားနဲ့ ဘာလို့ မသုံးလဲ မသိဘူး။ မိုးမခကလည်း ပြောင်းသုံးမယ်လို့ ပြောနေတာ ကြားရတယ်။

ဇော်ဂျီဖောင့်အလားအလာနဲ့ မြန်မာယူနီကုဒ်ရဲ့ အစမ်းသပ်ခံနိုင်မှု အပေါ် အမြင်ကို ပြောပြပေးပါလား။

- ဇော်ဂျီဖောင့်ကို လတ်တလော ပစ်ပယ်လိုက်လို့ မရသေးဘူးထင်ပါတယ်။ ဇော်ဂျီဖောင့်ကို ထွင်ခဲ့တာ သစ်မရခင် ဝါးပေါင်းကွပ်ဖို့ပါလို့ ဆိုတယ်လို့ ကြားဖူးတယ်။ လက်ရှိ ထွင်ပြီးသား ယူနီကုဒ်ဖောင့်တွေ သုံးကြဖို့ တိုက်တွန်းတာ တွေ့ရသလို၊ ဇော်ဂျီသံယောဇဉ် အမျှင်တန်းသူတွေ အဆင်ပြေဖို့ ဇော်ဂျီဖောင့်ကို ယူနီကုဒ်စနစ်ဘက် လိုက်နာ ပြောင်းလဲဖို့ အကြံပြုသူတွေလည်း တွေ့ရတယ်။ အဆင်ပြေနိုင်တယ် မပြေနိုင်ဘူးဆိုတာတော့ ကျွန်တော်လည်း လက်လှမ်းမမီဘူး။

ဇော်ဂျီယူနီကုဒ်ဆိုပြီး ထွက်လာပေမယ့် တဝက်လောက်ပဲ စံလိုက်နာသေးတဲ့ Semi Unicode လို့ ကိုမှော်ဆရာပြောထားတာ ဖတ်ရပါတယ်။ လောလောဆယ် ယူနီကုဒ် ၅.၁ ဖောင့်တွေဟာ Perfect မဖြစ်သေးဘူးလို့ ထောက်ပြတာလည်း တွေ့ရတယ်။ ဟုတ်နိုင်ပါတယ်။ ကျွန်တော့့် အမြင်ကတော့ သုံးစွဲသူတွေရဲ့ အဆင်ပြေ မပြေ ဆိုတာတွေကို ပြန်ချင့်ပြီး သူတို့နည်းပညာပိုင်းက ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းပေးရမယ့် ကိစ္စလို့ မြင်တယ်။ လုံးဝ ပြည့်စုံကောင်းမွန်မှ သုံးမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံ ကိုယ့်ပညာရှင် ကိုယ့်ရန်ပုံငွေ အနေအထားတွေအရ အလိုက်မသိရာ ရောက်မလားပဲ။

ကိုမှော်ဆရာက သူ့စာတမ်းမှာ ထောက်ပြသလိုပါပဲ၊ ဇော်ဂျီနဲ့နှစ်ပါးသွားလို့ မှားတဲ့ အမှားဟာ ယူနီကုဒ်နဲ့ ဖြစ်မိတဲ့ အမှားထက်တော့ ပိုဆိုးမှာ သေချာပါတယ်။ မြန်မာစာအတွက် ယူနီကုဒ်သတ်မှတ်ပေးတာ ခုဆို ဆယ်နှစ်လောက်ရှိပြီပြောတယ်။ ခုမှ ဒီအခြေအနေရောက်တယ်။ တိုင်းရင်းသားဘာသာစကားတွေကို ကုဒ်ရေးနေတုန်းလို့ သိရပါတယ်။

ယူနီကုဒ် ဖောင့်နဲ့ မြန်မာဘလော့ဂ် အနာဂတ်အပေါ် အမြင်ကရော။

- ပြီးခဲ့တဲ့ ၂ လမှာ ယူနီကုဒ်ကို ကလိရင်း အတော်ကြီး ဒုက္ခများသလို၊ ရသွားတဲ့အခါ အတော်ကြီးလည်း သဘောကျမိပါတယ်။ ကျွန်တော််က ကိုငွေထွန်းကို ၂၀၀၉ ဟာ ယူနီကုဒ် ဘလော့ဂင်း တော်လှန်ရေးဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ သူက ယူနီကုဒ်တွင်ကျယ်ဖို့မှာ ဘလော်ဂါတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါတယ်လို့ မြင်ခဲ့တဲ့သူပါ။ တတ်သိတဲ့ ပညာရှင်တွေက ထုတ်ဖော်ဆွေးနွေးပြလို့ ယူနီကုဒ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေ (ဥပမာ - ယူနီကုဒ်ဖောင့်ထည့်ရင် စက်ထဲမှာ အကုန်ဒုက္ခရောက်တယ်ဆိုတာမျိုး) လည်း လျော့ပါးလာပါတယ်။ ကိုမှော်ဆရာလို ရှင်းလင်း နှိုင်းယှဉ်ပြမယ့် စာတမ်းမျိုးပေါ်လာတာ အချိန်အခါသင့်ပဲလို့ ထင်ပါတယ်။ မဟုတ်ရင် ကျွန်တော််လို နည်းပညာပိုင်းရှင်းမပြနိုင်တဲ့ ဘလော်ဂါတွေဟာ စတန့်ထွင်တယ်ဆိုပြီး အဆဲခံရဖို့ ရှိနိုင်ပါတယ်။

ကျွန်တော် ယူနီကုဒ်ကို သဘောကျတာ ရိုက်ရတာ သိပ်စမတ်ကျလွန်းလို့ပါ။ ကျွန်တော်လို စာရိုက်မကျင်လည် ၊ ကီးတွေ အကုန်မသိတဲ့သူအဖို့ အလွန်အဆင်ပြေတယ်။ နောက်တစ်ခုတွေးမိတာက ယူနီကုဒ်စနစ်ဟာ ကိုယ်မြန်မာစာရေးနေတုန်း အထားအသို စာလုံးပေါင်း မှားယွင်းတာ (ဝလုံးနဲ့ သုည၊ ဥ နဲ့ ညကလေး) စတာတွေကို ရိုက်နေရင်း သိနိုင်တာပါပဲ။ ဒီစနစ်ဟာ မြန်မာစာကို စိတ်ပျက်စရာကောင်းလောက်အောင် စုတ်ပြတ်သတ်ထွက်အောင် ရေးချင်သလိုရေးနေကြတဲ့ ဘလော်ဂါတွေအတွက် လက်ကို ကီးဘုတ်က ထိန်းကွပ်ပေးနိုင်လိမ့်မယ် မျှော်လင့်တယ်။ ကဲ…မကောင်းဘူးလား။

ယူနီကုဒ် ဘလော့ဂင်းနဲ့ ပတ်သက်ပြီး နောက်ထပ်ပြောချင်တာ ရှိရင် ပြောပါဦး။

- အိမ်နီးချင်းနိုင်ငံတွေတောင် ယူနီကုဒ်စနစ်တွေ သုံးနေတာတွေ့တော့ ကိုယ်လည်း ကိုယ့်ဘာသာစကားကို ဖြစ်စေချင်တယ်။ ယူနီကုဒ် မသုံးတာနဲ့ ပတ်သက်လို့ အများသုံးသပ်ပြောဆိုနေကြတဲ့ မြန်မာတွေက အသစ်ကို လက်ခံရမှာ နှောင့်နှေးလို့၊ အကျင့်ရနေတာကို မှားနေပစေ လက်မလွှတ်ချင်လို့ စတဲ့ တိကျရေရာမှုမရှိတဲ့ စွဲချက်တွေကို လက်မခံပါဘူး။ အဓိကက အင်ဖော်မေးရှင်းပါပဲ။ ကိုယ့်ပါးစပ်ထဲ လာမခွံ့ရင် ကိုယ့်လက်နဲ့ ကိုယ်ယူစားရမှာပေါ့။

အိမ်နီးချင်းနိုင်ငံက လူငယ်တွေထက် ကျွန်တော််တို့ မြန်မာလူငယ်တွေက ပိုပြီး ကိုယ့်အားကိုယ််ကိုးရတယ်၊ ကြိုစားရတယ်။ သိလာရင် လူဆိုတာ အပြောင်းအလဲ လုပ်ချင်တာပါပဲ။ အဲဒီတော့ ယူနီကုဒ်နဲ့ ပတ်သက်လို့ NLP လို သုတေသနအဖွဲ့တွေကလည်း ပညာရှင်အချင်းချင်းနားလည်နိုင်မှာမျိုးအပြင် သာမန်လူတွေ နားလည်နိုင်လောက်တဲ့ အဆင့်အထိ အင်ဖော်မေးရှင်းပေး၊ သုံးစွဲသူတွေကလည်း တစ်ခုမကောင်းတာနဲ့ အကုန်ပုံချမယ့် အကျင့်မလုပ်ဘဲ အင်ဖော်မေးရှင်းကို စုံအောင်လေ့လာပြီးမှ ဆုံးဖြတ်ဆိုရင် အတော်ကြီးခရီးရောက်နိုင်စရာရှိပါတယ်။ အခုတောင် လမ်းစပေါ် ရောက်နေပြီ ထင်ပါတယ်။

ယူနီကုဒ်ဟာ စမတ်ကျတယ်၊ လက်ကွက်ပိုနည်းပြီး ပိုလွယ်တယ်ဆိုပေမယ့် သူ့ရဲ့ လက်ကွက်သဘောကို နားလည်အောင် ခဏလောက် အရင် လေ့လာဖို့လိုပါတယ်။ ကျွန်တော််ကတော့ ဖောင့်ရော ကီးဘုတ်ပါ အင်စတောလုပ်ပြီး ရှိရှိသမျှ ကီးဘုတ်တွေကို သူ့ချည်းသက်သက် တစ်ကြိမ်၊ Shift ခံပြီးတစ်ကြိမ်၊ Ctrl+Alt+Shift နဲ့ တစ်ကြိမ် သုံးမျိုး အကြိမ်ကြိမ် ရိုက်ကြည့်တယ်။ အဆုံးမသတ်ခင် တစ်ခု ပြောပါရစေ။ ယူနီကုဒ်နဲ့ ဘလော့ဂ်စရေးတာ ကျွန်တော် မဟုတ်ပါဘူး၊ မောင်ရစ်နဲ့ ကိုခက်ထန်တို့က ကျွန်တော့်ထက် အရင်ကျပါတယ်။ ကိုမှော်ဆရာနဲ့ ကျွန်တော််နဲ့က တပြိုင်တည်းလောက်ကျမယ် ထင်ပါတယ်။ နောက်ဆုံး မပြောမဖြစ်ပြောရမှာက ကျွန်တော်တို့ဟာ ယူနီကုဒ်ကောင်းကြောင်းနဲ့ ဇော်ဂျီဖောင့် သိပ်မစွံကြောင်းကို ဇော်ဂျီဖောင့်သုံးပြီး ပြောနေကြရသေးတယ် ဆိုတာပါပဲ…။ ဝတ္ထုထဲကစကားနဲ့ ရွှတ်နောက်နောက်ပြောရရင် “ကံကြမ္မာ၏ သရော်ချက်”လို့ပဲ ဆိုပါတော့ဗျာ…။

အခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတဲ့ ကိုသင်ကာကို ကျွန်မတို့ လောကအလှမှ ကျေးဇူးတင်ပါတယ် ရှင်။

မြန်မာယူနီကုဒ်နှင့် မြန်မာဝက်ဆိုက်များ အနာဂတ် (အင်တာဗျူး)

Source : http://www.lawka-ahla.com/news.php?item.533

မြန်မာဘာသာဖြင့်ရေးသားသော အင်တာနက်စာမျက်နှာများကို လေ့လာကြည့်ရတာတွင် ကိုမှော်ဆရာ ( ) ၏ ဘလော့ဂ်မှာ မြန်မာသရီးဖောင့်ဖြင့်ရေးသားသည်ကိုတွေ့ရသဖြင့် ဘလော့ဂ်ရေးသားသော ကိုမှော်ဆရာနဲ့ ကျွန်မတို့လောကအလှတို့ စကားပြောဖြစ်ခဲ့ကြပါတယ်။ လောကအလှမှ သိလိုသည်များကို မေးမြန်းပြီး ကိုမှော်ဆရာက ဖြေကြားသွားပေးခဲ့ပါတယ်။

ကိုမှော်ဆရာရဲ့ ဘလော့ဂ်မှာ မြန်မာသရီး ဖောင့်ကို သုံးထားတာကိုတွေ့ရပါတယ်။ တခြား အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကို သုံးထားကြတော့ ကိုမှော်ဆရာက ဘာကြောင့် မြန်မာသရီးဖောင့်ကို သုံးတာပါလဲ သိပါရစေ။

>> ဒီဟာက သိပ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဂရုတစိုက်ဖြေမှ ရမယ့် မေးခွန်းမျိုးပါ။အမှန်တော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် “ယူနီကုဒ် နှင့် မြန်မာစာ ယဉ်ကျေးမှု” ဆိုတဲ့ စာတမ်းမှာ အပြည့်အစုံ ဖြေပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် စာတမ်းကို မဖတ်ရှုရသေးသူတွေ အနေနဲ့ရော ဒီစာတမ်း တစ်ခုလုံးရဲ့ အဓိက ဦးတည်ချက်နှင့် ရည်ရွယ်ချက် ကိုပါ ခြုံငုံမိအောင် တတ်နိုင်သမျှ အကျဉ်းချုံးပြီး ကျွန်တော် ကြိုးစား ဖြေကြည့်ပါ့မယ်။

(၁) လူအားလုံး ဇော်ဂျီဖောင့်ထ် သုံးနေချိန်မှာ မြန်မာသရီးကို ကျွန်တော်သုံးကြည့်ဖို့ ကြိုးစားတာဟာ သူ့ရဲ့ စံနှုန်းကိုက် ဖြစ်တည်မှု (လက်ရှိ ကမာ္ဘ့ စံပြုအဖွဲ့အစည်း တစ်ခုက လက်ခံ သတ်မှတ်ထားတဲ့ စံနှုန်းကိုက်ခြင်း ကိုဆိုလိုပါတယ်) ကို နေရာပေး၊ အသိအမှတ်ပြုဖို့ ကြိုးစားခြင်း ဖြစ်သလို အဲဒီ စံနှုန်းကိုက် ဖြစ်တည်မှုက တဆင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို အနာဂတ် အတွက် ကြိုတင် ရင်းနှီးမြှပ်နှံခြင်း လို့လည်း ဆိုနိုင်ပါတယ်။

(၂) နောက် တစ်ချက်ကိုတော့ ဥပမာ တစ်ခုနှင့် နှိုင်းယှဉ်စဉ်းစားပြီး ပြောလိုပါတယ်။ ဥပမာ တစ်ခုအနေနဲ့ အရက်ကြိုက်တဲ့ လူတစ်ယောက် အရက်စွဲတဲ့ ဝေဒနာ အပြင်၊ အစာအိမ်ဝေဒနာ ကိုပါ နှစ်ရှည်လများ ခံစားနေရသူ တစ်ဦးရှိသည်ဟု ဆိုပါစို့။ သူအရက် ကိုသောက်လာသည်ကလည်း အတော်ကြာနေပြီ၊ အဟာရဖြစ်မည့် အစားအစာ ကို အဟာရဖြစ်လောက်ရုံမျှပင် မစားသည်အထိ အရက်ကို ကြိုက်တတ်၏။ ကြာတော့ ထိုလူ့ အတွက် အရက်ကပင် အဟာရ ဖြစ်လာသည်။ နောက်ပိုင်း ထိုအရက်ကြောင့် ပင် အစာအိမ် ရောဂါ ဆိုသော ဝေဒနာ တစ်ခုပါ ထပ်တိုးလာသည်။ လတ်တလော အနေဖြင့်တော့ သူခံစားနေရသော ဝေဒနာတွေ အတွက် အရက်က အကောင်းဆုံးနှင့် အဆင်ပြေဆုံး ဆေးဝါး တစ်ခုဖြစ်သည်။ အရက်တစ်ခွက် သောက်လိုက်ရုံဖြင့် ဝေဒနာ အားလုံး သက်သာသည့် နည်းတူ လူလည်း လန်းလန်းဆန်းဆန်း ၊ တက်တက်ကြွကြွ နှင့် မြင်ရသမျှ လူတို့က ရောဂါသည် တစ်ဦးဟုပင် မထင်မှတ်စရာ ဖြစ်နေသည်။ သို့သော် လတ်တလော အတွက် အကောင်းဆုံး ဖြေဆေးဟု ထင်မှတ်ထားသော အရက်ကပင် သူ့အသက်ကို တစ်ဖြည်းဖြည်း ဇီဝိန်ချွေနေသည့် သေဆေး အဖြစ်သို့ ရောက်ရောက် လာနေသည်ကိုတော့ သူ့ကိုယ်သူလည်း သတိထားမိလာသည်။ ထိုအခြေအနေမှာ သူ့အတွက် လတ်တလော အကောင်းဆုံး ဖြေဆေး တစ်ခုဖြစ်တဲ့ အရက်ကိုပဲ ဆက်သောက်မည်လား၊ ဒါမမဟုတ် တစ်ကယ့်ကို ထိထိရောက်ရောက် ကိုယ့်ဝေဒနာတွေကို သက်သာပျောက် ကင်း စေမယ့် အစားအစာ နဲ့ ဆေးဝါးမျိုးတွေကို ပြောင်းလဲမှီဝဲ သုံးစွဲမည်လား ဆိုသည်ကိုတော့ သူဆုံးဖြတ်ရတော့မည် ဖြစ်သည်။
အထက်က ဥပမာ အရပြောရရင် ကျွန်တော် မြန်မာ-၃ ကိုသုံးတာဟာ ဖြေဆေး အစစ်ကို ရှာကြည့်ဖို့ ကြိုးစား ကြည့်တာပါ လို့လည်း ပြောလို့ရပါတယ်။

(၃) မြန်မာ-၃ ကိုပြောင်းသုံးခြင်းဖြင့် ကျွန်တော့် အတွက် အခက်အခဲ၊ အကြပ်အတည်း ကြီးကြီးမားမား တွေနဲ့ တွေ့လာရနိုင်တယ် ဆိုတာ ကျွန်တော် သိပြီးသားဖြစ်ပါတယ်။ ပထမဆုံး အချက်ကတော့ ကျွန်တော့်ဘလော့ဂ်ရဲ့ မများလှတဲ့ စာဖတ်ပရိတ်သတ် အနည်းငယ်ဟာ ဘလော့ဂ်ကို ဖတ်မရခြင်း ဆိုတဲ့ အခက်အခဲနဲ့ ပထမဆုံး ရင်ဆိုင်ရမယ် ဆိုတာပါပဲ။ နောက်တစ်ချက်ကတော့ ကျွန်တော်ကိုယ်တိုင် မြန်မာ-၃ ကိုပြောင်းသုံးပေမယ့် လည်း ဇော်ဂျီကို လုံးလုံးလျားလျား မပစ်ပယ်နိုင်သေးသည့် နည်းတူ သူ့ရဲ့ သြဇာ၊ အရှိန်အဝါနဲ့ ကျေးဇူးတွေဟာ ကျန်တဲ့ အားလုံးသော ဝက်ဘ်စာမျက်နှာတွေပေါ်မှာပါ တည်ရှိနေဆဲ ဖြစ်တဲ့ အတွက် ဇော်ဂျီကိုပါ မဖြစ်မနေ တွဲသုံးဖို့ လိုအပ်တဲ့ အနေအထား တစ်ခုကို ဖြစ်လာစေပါတယ်။ အဲဒီလို အစစအရာရာ နှင့် အခြေအနေအတော်များများမှာ ဇော်ဂျီကိုပဲ ရှေ့တန်းတင် သုံးတဲ့ အနေအထား တစ်ခုကနေ ဘလော့ဂ် ဆိုတဲ့ နယ်ပယ်မှာတော့ စံနှုန်းကိုက် ယူနီကုဒ် ဖောင့်ထ်တစ်ခု ဖြစ်တဲ့ မြန်မာ-၃ ကိုတော့ ဦးစားပေး-၁ အနေနဲ့ စမ်းသုံးကြည့်ဖို့ စတင်ကြိုးစားခြင်း လို့လည်း ပြောနိုင်ပါတယ်။

(၄) နောက်ဆုံး အချက်အနေနဲ့ကတော့ အခု ဇော်ဂျီသည်လည်း ယူနီကုဒ် စံနှုန်းကိုက် မဟုတ်သည့်တိုင် ပေါ်စကတည်းက အနယ်နယ် အရပ်ရပ်ရှိ အသုံးပြုသူတွေထံမှ Feedback အမျိုးမျိုးကို လက်ခံရရှိခဲ့ပြီး အဲဒီ့ အချက်တွေအရပဲ နောက်ထပ် ဗားရှင်း အသစ်တွေကို ဖြည့်စွက် ပြင်ဆင်မှုတွေ လုပ်ခဲ့ကြတယ် လို့ သိရှိမှတ်သား မိပါတယ်။ အခု ကျွန်တော်တို့ ယူနီကုဒ် စံနှုန်းကိုက် လို့ ဆိုတဲ့ မြန်မာ-၃ ဖောင့်ထ် မှာရော ဘာလိုအပ်ချက်တွေရှိ တယ်၊ ဘာတွေ ထည့်သွင်းဖို့ လိုနေတယ်၊ ဘယ်လို အားနည်းချက်တွေ ရှိတယ် ဆိုတာကို တစ်ကယ် လက်တွေ့ ထဲထဲဝင်ဝင် မသုံးကြည့်ပဲ အဆင်မပြေဘူး၊ မကောင်းဘူး၊ မှားနေတယ်၊ ဖောင့်ထွက် မလှဘူး. လို့ ပြောနေမယ့် အစား မကောင်းဘူး ဆိုရင်လည်း ဘာတွေ မကောင်းတာလဲ၊ မှားနေတယ် ဆိုရင် ဘာတွေမှားနေတာလဲ၊ အဆင်မပြေဘူး ဆိုတာ ဘာတွေ အဆင်မပြေတာလည်း စသဖြင့် အခြေအနေအားလုံး အတွက် အမျိုးမျိုးဖြစ်နိုင်တဲ့ အားနည်းချက်၊ လိုအပ်မှုတွေကို တိတိကျကျလေး ဖြစ်လာနိုင်အောင် စမ်းသပ် အဖြေရှာ သုံးစွဲ ကြည့်ခြင်း ဖြစ်သလို၊ အနာဂတ်မှာ အများပြည်သူနဲ့ အနီးစပ်ဆုံး ယူနီကုဒ်ဖောင့် တစ်ခုဖြစ်လာနိုင်တဲ့ ဒီဖောင့်ထ် ကို ယခုကတည်းက ကျယ်ကျယ်ပြန့်ပြန့် စတင်သုံးစွဲကြပြီး လူအမျိုးမျိုးထံက အမြင် အမျိုးမျိုး၊ မှတ်ချက် အမျိုးမျိုး ရရှိလာခြင်း ဖြင့် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့၊ User Friendly ဖြစ်တဲ့ ဗားရှင်းတွေ ထွက်လာနိုင်ရေး တစ်ဖက်တစ်လမး်က ကူညီကြည့်ကြဖို့ ကြိုးစားကြည့်ခြင်း လို့လဲ ပြောနိုင်ပါတယ်။

ခုကြားနေရတာတွေပေ့ာ။ ဖိုင်းရားဖောက်စ် ဗားရှင်းအသစ် သုံးတဲ့သူတွေက ဇော်ဂျီဖောင့်ကို အင်စတောမလုပ်ဘဲ မမြင်ရဘူးလို့ ဆိုပါတယ်။ အဲဒါ ဟုတ်ပါသလား သိပါရစေ။


>> ကျွန်တော် ယူဆတာကတော့ အဲဒီ အခြေအနေဟာ တစ်ချို့ အတွက် မှန်ပြီး တစ်ချို့အတွက်တော့ မှားလိမ့်မယ် လို့ ထင်ပါတယ်။ ဆိုလိုတာကတော့ ဒါဟာ ဖတ်ရှုတဲ့ (မြန်မာ) ဘလော့ဂ် ရဲ့ Coding (CSS) အပိုင်းမှာ အများကြီး မှီတည်ပါလိမ့်မယ်။ အကယ်၍ မိမိဖတ်ရှုတဲ့ ဘလော့ဂ်ဟာ ဘလော့ဂ်ရဲ့ CSS (Cascading Style Sheets) လို့ ခေါ်တဲ့ အသွင်အပြင်နေရာ ချထားမှု၊ ခေါင်းစဉ်၊ ခေါင်းစဉ်လေး၊ စာကိုယ်စတာတွေမှာ EOT (Embedded Open Type File) လို့ခေါ်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီထုတ် Web Embedding Fonts Tool (WEFT) နဲ့ ZawgyiOne Font ကို Embedded Font File ပြုလုပ်ပြီး သုံးစွဲထားမယ် ဆိုရင်တော့ ဖိုင်းရားဖောက်စ် ဗားရှင်း အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ၊ ဇော်ဂျီကို အင်စတောလ် လုပ်ထားသည်ဖြစ်စေ၊ မလုပ်ထားသည် ဖြစ်စေ အားလုံး အဆင်ပြေပြေ မြင်ရပါလိမ့်မယ်။ သဘောကတော့ ဒီ ဇော်ဂျီဖောင့်ထ်ကို Embedded လုပ်ထားတဲ့ ဝဘ်စာမျက်နှာ ကိုယ်တိုင်က သူသုံးမယ့် ဖောင့်ထ်ကို သူကိုယ်တိုင် ပုံသေအဖြစ် သတ်မှတ် ထားလိုက် လို့ဖြစ်ပါတယ်။ အကယ်၍ မိမိကြည့်ရှုလိုတဲ့ ဘလော့ဂ် သို့မဟုတ် ဝဘ်စာမျက်နှာက Embedded လုပ်ထားတဲ့ ဖောင့်ထ် တစ်မျိုးမျိုး ကို မသုံးစွဲထားပဲ သာမန်အတိုင်းပဲ ရေးပြီး ဝဘ်ပေါ်ကို တင်ထားတာ မျိုး ဆိုရင်တော့ အဲဒီ ဝဘ်စာမျက်နှာကို ဖတ်ရှုဖို့ မိမိစက်ထဲမှာ သူသုံးထားတဲ့ ဖောင့်ထ် အမျိုးအစား မရှိပဲ အဆင်ပြေပြေ မြင်ရဖို့ မဖြစ်နိုင်ပါဘူး။ ဒီ အခြေအနေဟာလည်း အထူးသဖြင့် မြန်မာ ဘာသာနဲ့ ရေးတဲ့ ဝဘ်ဆိုဒ်တွေအတွက် ရင်ဆိုင် နေရတဲ့ ပြဿနာ တစ်ခုပါပဲ။ ယူနီကုဒ် စံနှုန်းကိုက် မြန်မာဖောင့်ထ်များ မရှိသေးခြင်း တွေရဲ့ အကျိုးဆက်တွေလို့ ပြောလို့ရပါမယ်။ အကယ်၍ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ မြန်မာ ဖောင့်ထ်များ အားလုံးသာ စံသတ်မှတ်ချက် တစ်ခုတည်းအောက်မှာ ထုတ်လုပ်ခဲ့ကြတာ ဆိုရင် ဒီပြဿနာ ကြုံလာဖို့ လုံးဝ မရှိပါဘူး။ ဆိုလိုတာကတော့ အဲဒီလို စံနှုန်းကိုက် ဖောင့်ထ်များ ဖြစ်ကြောင်းမှန်ရင် မိမိ စက်ထဲမှာ မြန်မာသရီးပဲ ရှိရှိ၊ ဇော်ဂျီပဲ ရှိရှိ၊ ပိတောက်ပဲ ရှိရှိ၊ မိုင်မြန်မာပဲရှိရှိ ကြိုက်ရာ မြန်မာဖောင့်ထ် တစ်ခုရှိရုံနဲ့ အဲဒီဝဘ်စာမျက်နှာကို ဖတ်ရှုနိုင်ရမှာ ဖြစ်ပါတယ်။ စံနှုန်း သတ်မှတ်ချက် တစ်ခုတည်းအောက်မှာ ထုတ်လုပ်ခဲ့ကြတာ ဖြစ်တဲ့ အတွက် တစ်ခုမရှိရင် နောက်တစ်ခုက အလိုအလျောက် နေရာယူ အစားထိုး ပြသ ပေးသွားပါလိမ့်မယ်။ ဒီ့ထက် ပိုတိုးတက်တဲ့ အခြေအနေမှာ ဆိုရင်တော့ မိမိစက်ထဲမှာ ယူနီကုဒ် စနစ်အောက်မှာ ထုတ်လုပ်ထားတဲ့ မည်သည့် ယူနီကုဒ် ဖောင့် (En, Ru, Cn, Jp, ..etc) အမျိုးအစား မဆို တစ်ခုရှိရုံနဲ့ ယူနီကုဒ်နဲ့ ရေးသားထားတဲ့ မြန်မာဝဘ်စာမျက်နှာတွေကို အလွယ်တစ်ကူ ဖတ်ရှုနိုင်မှာပါ။ ဘယ်လိုပဲ ဖြစ်ပါစေ. စံနှုန်းကိုက် ဖောင့်ထ် တစ်ခုကို မသုံးနိုင်သေးတဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ်ဖတ်ချင်တဲ့ မြန်မာ ဝဘ်စာမျက်နှာကို အဆင်ပြေပြေနှင့် အကောင်းဆုံး ဖတ်ရှုဖို့ အတွက် အဲဒီ ဝဘ်စာမျက်နှာမှာ သုံးထားတဲ့ ဖောင့်အမျိုးအစားကိုို မိမိစက်ထဲ သေချာပေါက် ထည့်သွင်းပြီးမှ ဖတ်ရှုခြင်းကသာ အကောင်းဆုံးနှင့် အဆင်အပြေဆုံး ဖြစ်နိုင်ပါကြောင်း ဖြေကြား လိုပါတယ်။ နောက် လိုအပ်ခဲ့ရင် မိမိ အသုံးပြုတဲ့ ဘရောက်ဇာတွေရဲ့ View နှင့် Options တွေမှာလည်း Font နှင့် Encoding Method တွေကို ပြောင်းလဲ သတ်မှတ် ပြီး ဝဘ်စာမျက်နှာတွေကို မိမိမြင်ချင်သလို မြင်နိုင်အောင် သတ်မှတ်ထားရှိ နိုင်ပါသေးတယ်။

နောင်မှာ ဇော်ဂျီဖောင့်ကို သုံးထားတဲ့ အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကို စက်ထဲမှာဇော်ဂျီဖောင့်မရှိပဲမမြင်ရတော့ဘူးလို့ ပြောနေသံတွေ ကြားနေရတာ အဲဒါကို နားမလည်လို့ နည်းနည်းရှင်းပြပေးပါလား။

>> ကျွန်တော် နားလည်တာကတော့ ဒီမေးခွန်းဟာ နားလည်မှု အနည်းငယ် လွဲချော်ခြင်း ကြောင့် ဖြစ်လာရတယ်လို့ ယူဆမိပါတယ်။ အမှန်တစ်ကယ် ဖြစ်သင့်တဲ့ မေးခွန်းက “ နောင်တစ်ချိန်မှာ ယူနီကုဒ် ဆိုတဲ့ စံအောက်၊ စနစ်အောက်မှာ မြန်မာဘာသာစကား တစ်ခုလုံးနဲ့ ဖောင့်ထ်တွေ အလုပ်လုပ်ကြတော့မယ် (သက်ဆိုင်ရာ ဆော့ဖ်ဝဲရ်ရေးတဲ့ ကုမ္ပဏီကြီးတွေကလည်း အဲဒါကို Support လုပ်ကြတော့မယ်) ဆိုရင် ကွန်ပြူတာ အတွင်းမှာ အကယ်၍ မည်သည့် မြန်မာဖောင့်ထ် မှ မရှိသည့်တိုင် ယူနီကုဒ်စနစ်အောက်မှာ မြန်မာဘာသာစကား အခြေခိုင်ခိုင်နဲ့ ရောက်နေပြီဖြစ်တဲ့ အတွက် မြန်မာစာလုံးတွေကို မြင်တွေ့၊ ဖတ်ရှုနိုင်ပါလိမ့်မယ်။ (အခုအခြေအနေနဲ့ ဆိုရင် တရုတ်၊ ဂျပန် နှင့် စပိန်၊ ရုရှား စတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ ဝဘ်စာမျက်နှာတွေကို မိမိကွန်ပြူတာ အတွင်းမှာ သက်ဆိုင်ရာ ယူနီကုဒ်ဖောင့်ထ် တွေ မိမိကိုယ်တိုင် အထူးတလည် ရှာဖွေထည့်သွင်း မထားသည့်တိုင် မြင်တွေ့ဖတ်ရှုရနိုင်ပုံမျိုး နဲ့ သွားတူပါလိမ့်မယ်) ယူနီကုဒ်ရဲ့ နေရာချထားမှုနှင့် စံသတ်မှတ်ချက်တွေကို အပြည့်အဝ လိုက်နာမထားတဲ့ ဇော်ဂျီဖောင့်သုံး စာမျက်နှာတွေ အနေနဲ့ကတော့ အဲဒီလို ဘာဖောင့်ထ် မှ မရှိပေမယ့်လည်း မြန်မာလို မြင်တွေ့ဖတ်ရှုနိုင်တဲ့ အခွင့်အရေးမျိုး ရနိုင်ပါ့မလား.” အဲဒီလိုသာ ဖြစ်သင့်ပါတယ်။

အဲဒီမေးခွန်းအတွက် အဖြေကတော့ မြင်တွေ့ဖတ်ရှု မရနိုင်ပါဘူး လို့ပဲ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အခြေအနေအားလုံး အတွက် လုံးဝကို မြင်တွေ့ ဖတ်ရှု မရနိုင်လောက်အောင် ဖြစ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ မြန်မာဆိုဒ်တွေထဲမှာလည်း ယူနီကုဒ် မဟုတ်တဲ့ ASCII ဖောင့်ထ် အမျိုးအစားတွေကို သုံးနေကြတဲ့ ဆိုဒ်တွေ အများအပြား ရှိကြပါတယ်။ အဲဒီလို ဆိုဒ်တွေကို မြင်တွေ့ ဖတ်ရှုနိုင်ဖို့ အတွက် ၎င်းဆိုဒ်က သက်ဆိုင်ရာ ဖောင့်ထ် ကို မိမိစက် အတွင်း ထည့်သွင်းလိုက်ရုံနဲ့ အဆင်ပြေသွားတာကို တွေ့ရမှာပါ။ နောက်ပိုင်း အနာဂတ်မှာ ဇော်ဂျီအနေနဲ့ ထပ်မံပြီး စံနှုန်းကိုက် ဖောင့်ထ် အမျိုးအစားမျိုး Develop မလုပ်လာသည့်တိုင် ယခု လက်ရှိသုံးနေတဲ့ ဇော်ဂျီဖောင့်ထ် ကိုပဲ မိမိစက်ထဲမှာ ထည့်သွင်းထားခြင်းဖြင့် ဇော်ဂျီသုံး စာမျက်နှာတွေကို ဖတ်ရှုနိုင်ပါလိမ့်မယ်။ နောက် မိမိရဲ့ အင်တာနက် ဘရောက်ဇာ Setting ကိုလည်း ပြင်ဆင်သင့်ရင် ပြင်ဆင်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။

ခုနောက်ပိုင်းမှာ ဝင်းဒိုးအသစ်တင်ရင် ၊ ဂျီတော့ခ် အသစ်တင်ရင် ဇော်ဂျီဖောင့်ကို ရိုက်လို့ မရတာမျိုးဖြစ်တာ ဘာကြောင့်ပါလဲ သိပါရစေ။ ရိုက်လိုက်တိုင်း လေးထောင့်ကွက်တွေပဲ ပေါ်နေတာမျိုးပေ့ာ။

>> ဒါကတော့ ဇော်ဂျီကို ထုတ်လုပ်သူတွေရဲ့ စီစဉ်ဆောင်ရွက်မှု လို့ပြောလို့ ရသလို အခုနောက်ပိုင်း ဘရောက်ဇာတွေ၊ ဝင်းဒိုးစ် စနစ်တွေနဲ့ ဂျီတော့ခ် စတာတွေရဲ့ ဗားရှင်း အပြောင်းအလဲနှင့် သူတို့ သတ်မှတ်တဲ့ Encoding စနစ်တွေ ကွာဟသွားမှုကြောင့်လို့ လည်း ပြောလို့ရပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် အရင်က ဝင်းဒိုးစ် XP မှာ ယူနီကုဒ် အတွက် Default Character Encoding က UTF-8 ပါ။ အခု ဝင်းဒိုးစ် Vista မှာတော့ ယူနီကုဒ် အတွက် Default Character Encoding ကို UTF-16 အဖြစ်ပြောင်းလဲ သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ မြန်မာယူနီကုဒ် နဲ့ တစ်ကွ အများစုသော ယူနီကုဒ် ဖောင့်ထ် တွေ သတ်မှတ်သုံးစွဲကြတဲ့ Character Encoding စနစ်ကတော့ UTF-8 ဖြစ်ပါတယ်။ အရင်ကတော့ ဇော်ဂျီကို မိမိစက်ထဲမှာ အင်စတောလ် လုပ်လိုက်တာနဲ့ ဝင်းဒိုးစ်၊ ဘရောက်ဇာ၊ ဂျီတော့ခ် စတာတွေမှာ အလိုအလျောက် Default Font ဖြစ်အောင် ဝင်းဒိုးစ် စနစ်ရဲ့ Registry ထဲကို အလိုအလျောက် သွားပြင်ပေးအောင် ဇော်ဂျီ Installer Package ထဲမှာ ပါကောင်းပါခဲ့ ပါလိမ့်မယ်။ အခုနောက်ပိုင်းမှာ အဲဒီ Default Font အလိုအလျောက် သတ်မှတ်ပေးတဲ့ စနစ်ကို ဇော်ဂျီထုတ်လုပ်သူတွေ ကိုယ်တိုင် ဖြုတ်ထားရစ်ခဲ့တာ ဖြစ်နိုင်သလို၊ အကယ်၍ အဲဒီ စနစ်ပါခဲ့သည့်တိုင် အထက်မှာ ကျွန်တော်ပြောခဲ့သလို Encoding စနစ်တွေချင်း သွား ကွာဟ နေတဲ့ အတွက် အလုပ်မဖြစ်တော့တာ ဖြစ်နိုင်ပါတယ်။ အဲဒီ ပြဿနာ အတွက် ဂျီတော့ခ် မှာဆိုရင်လည်း ဂျီတော့ခ် ရဲ့ Setting ကနေတဆင့် Font ကို မိမိ စိတ်ကြိုက် ရွေးချယ်သတ်မှတ်ခြင်း ဖြင့် အလွယ်တစ်ကူ ဖြေရှင်းနိုင်ပါတယ်။ ဝင်းဒိုးစ် စနစ်မှာ ဆိုရင်တော့ System Default Font ကို မိမိကိုယ်တိုင် Zawgyi Font လိုက်ပြောင်းပေးခြင်း ဖြင့် အဆင်ပြေစေမှာပါ။

မြန်မာဘာသာကို အသုံးပြုတဲ့ website တွေမှာ ဘယ်မြန်မာဖောင့်ကို သုံးရင် အဆင်ပြေဆုံး ဖြစ်ပါမလဲဆိုတာ သုံးသပ်ပေးပါလား။


>> ဒီမေးခွန်းကို အဖြေပေးဖို့ အတွက် အခြေအနေ လေးခုကို ကျွန်တော်တို့ ကြိုတင် စဉ်းစားကြည့်ပါမယ်။ အဆင်ပြေဆုံး ဆိုတဲ့ နေရာမှာ (၁) ဝဘ်ဆိုဒ်ကို ဖန်တီး ရေးသားသူ အတွက် အဆင်ပြေဆုံး ဖြစ်မှု၊ (၂) ဝဘ်ဆိုဒ်ကို ဖတ်ရှုသူတွေ အတွက် အဆင်ပြေဆုံး ဖြစ်မှု နှင့် (၃) ဖန်တီးသူရော ဖတ်ရှုသူ နှစ်ဦးလုံး အသုံးပြုကြတဲ့ ဝဘ်ဘရောက်ဇာ (Web Browser) တွေ အတွက် အဆင်ပြေဆုံး ဖြစ်မှု၊ (၄) ရှေ့က အချက်သုံးခုလုံးကို ရေရှည် လုပ်ငန်းများ အတွက်ပါ အာမခံနိုင်ပြီး အဆင်ပြေဆုံး ဖြစ်လာနိုင်မှု စတဲ့ လေးချက်ပါ။

လတ်တလော အခြေအနေအရတော့ ကျွန်တော်တို့ မြန်မာ အင်တာနက် နှင့် ဝဘ်ယူဇာ တွေ အတွက် ဇော်ဂျီဖောင့်ထ် က ပထမဆုံး အခြေအနေသုံးခု အတွက် အဆင်ပြေဆုံး ဆိုတဲ့ ဘုံ အနေအထား တစ်ခုကို ဖန်တီးပေးထားတာ အမှန်ပါပဲ။ ဒါပေမယ့် ဒီ အဆင်ပြေဆုံး ဆိုတဲ့ အနေအထားဟာ လတ်တလော အတွက်သာ ဖြစ်ပြီး နံပါတ် (၄) အချက်ဖြစ်တဲ့ အထက်က အချက်သုံးချက်လုံးကို အနာဂတ်အတွက်ရော၊ လက်ရှိမှာ လုပ်ကိုင် အသုံးပြုနေကြတာတွေ အတွက်ပါ အသင့်တော်ဆုံး ဖြစ်ပါ့မလား ဆိုတာကိုတော့ ကျွန်တော်တို့ ထပ်စဉ်းစား ကြည့်ကြဖို့ လိုပါမယ်။ ဒီနေရာမှာ အဆင်ပြေဆုံး ဖြစ်သည်ဖြစ်စေ၊ အသင့်တော်ဆုံး ဖြစ်သည်ဖြစ်စေ အနေအထား ၂-ရပ်လုံးဟာ လူတွေကိုယ်တိုင် ဖန်တီး သတ်မှတ်ယူလို့ရတယ် ဆိုတာကိုတော့ တစ်ချက် လေးလေးနက်နက် မှတ်သား ထားခဲ့ စေချင်ပါတယ်။ တစ်ခု ရှိသေးတာကလည်း ဒီ စကားစု ၂-ခု ကိုလည်း ရောရောထွေးထွေး မစဉ်းစားပဲ သီးခြားစီ မိမိစိတ်ထဲ မှာ နားလည် သဘောပေါက်ထားဖို့လည်း လိုပါသေးတယ်။ အသင့်တော်ဆုံး ဆိုတိုင်း အရာရာနှင့် အံဝင်ဂွင်ကျ အဆင်ပြေဆုံး မဖြစ်နိုင်သလို၊ အဆင်ပြေဆုံး ဆိုတိုင်းလည်း အခြေအနေအားလုံး အတွက် အသင့်တော်ဆုံး မဖြစ်နိုင်ပါဘူး။

ဆိုတော့ကာ လက်ရှိ လူမြန်မြန်သိဖို့ လိုတဲ့၊ အလွယ်တစ်ကူလည်း အသုံးပြုနိုင်ဖို့ လိုတဲ့ ရေတိုလုပ်ငန်းနှင့် သက်ဆိုင်တဲ့ ဝဘ်ဆိုဒ်တစ်ခုကို ကျွန်တော် Develop လုပ်ရမယ် ဆိုရင်တော့ ကျွန်တော် လတ်တလော အဆင်ပြေဆုံး ဆိုတဲ့ ဇော်ဂျီဖောင့်ထ် ကို သုံးဖြစ် ပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ နှစ်ကာလများစွာ ရင်းနှီးမြှပ်နှံ လုပ်ကိုင်ရမယ့် လုပ်ငန်းသုံး ဝဘ်ဆိုဒ်မျိုးတွေ (ဥပမာ - ပညာရေး ဆိုင်ရာ ဝဘ်ကွန်ယက်မျိုး၊ ဘာသာစကား အဘိဓာန် ဆိုင်ရာ ဝဘ်ဆိုဒ်မျိုး၊ မြေပုံ၊ ဈေးကွက် နှင့် သန်းခေါင်စာရင်း ဆိုင်ရာ ၊ ရှာဖွေ အသုံးချခြင်း ဆိုင်ရာ ဝဘ်ဆိုဒ်မျိုး.. စသဖြင့် ) ထဲက တစ်ခုခုကို တည်ဆောက်ရမယ် ဆိုရင်တော့ ကျွန်တော် ယူနီကုဒ် စံသတ်မှတ်ချက်နှင့် ကိုက်ညီတဲ့ အလွယ်တစ်ကူနှင့် လူတိုင်း အခမဲ့ ရနိုင်တဲ့ မြန်မာ-၃ ၊ ပိတောက်၊ ပုရပိုဒ်. စတဲ့ ဖောင့်ထ် တွေ အနက်က တစ်ခုခုကို အားလုံး အတွက် လက်ရှိမှာ အဆင်ပြေဆုံး မဖြစ်ပေမယ့်လည်း မဖြစ်မနေ အသုံးပြုဖို့ ဆုံးဖြတ်မိမှာပါပဲ။ ဒါဟာ ရေတို အဆင်ပြေဆုံး ဆိုတဲ့ အနေအထားကို ကျော်လွန်ပြီး ရေရှည်မှာ အဆင်ပြေဆုံး ဖြစ်လာနိုင်တဲ့ လက်ရှိ အသင့်တော်ဆုံး ဆိုတာကို စဉ်းစား ရွေးချယ် လိုက်တာပဲ ဖြစ်ပါတယ်။

အကျဉ်းချုပ် ပြောရရင်တော့ မည်သည့်ဖောင့်ထ် အမျိုးအစား ကိုပဲ သုံးသုံး မိမိရဲ့ လိုအပ်ချက်၊ စားသုံးသူ ဈေးကွက် ရဲ့ လိုအပ်ချက်နှင့် အနာဂတ်အတွက်ပါ အဲဒီဖောင့်ထ်ဟာ လိုအပ်ချက် ရှိလာနိုင်၊ မလာနိုင် စတာတွေ ကိုပါ ထည့်သွင်း စဉ်းစားပြီး လတ်တလော အဆင်ပြေဆုံး ဆိုတဲ့ အနေအထား အပြင် အခြေအနေ အားလုံး အတွက် အသင့်တော်ဆုံး ဆိုတာကိုပါ မဖြစ်မနေ ထည့်သွင်း စဉ်းစားပြီးမှ အသုံးပြုသင့်တဲ့ အကြောင်း ဖြေကြား လိုပါတယ် ခင်ဗျား။

အခုလို ဖြေကြားခွင့်ရတဲ့ အတွက် လောကအလှ မဂ္ဂဇင်းကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောလိုပါတယ် ခင်ဗျား။

ဟုတ်ကဲ့… ကိုမှော်ဆရာ ။ ခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတာကို ကျွန်မတို့ လောကအလှမှလည်း ကိုမှော်ဆရာကို ကျေးဇူးတင်ပါတယ် ရှင်။

Sunday, November 2, 2008

ယူနီကုတ် ၅.၁ အပြောင်းအလဲ အတွက် ဆွေးနွေးခြင်း

အားလုံးအတွက် လိုအပ်နေတယ်ထင်လို့ ပြောတာပါ။ ကွျန်တော် Comment ကို Moderate မလုပ်ပါဘူး။ မကျေနပ်ရင်လည်း ဆဲသွားနိုင်ပါတယ်။

ရေနွေးအိုးထဲက ဖားများ
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ကိုတာ ရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ပါတဲ့ ဥပမာတစ်ခု ကွျန်တော် အမြဲတမ်း မှတ်မိနေပါတယ်။
ဖားတစ်ကောင်ကို အရမ်းပူနေတဲ့ ရေနွေးအိုးတစ်အိုး ထဲကို ပစ်ထည့်လိုက်တဲ့ အခါမှာ ဖား က အပူဒဏ်ကို မခံနိုင်လို့ ခုန်ထွက်သွားပါတယ်။ ဒါပေမယ့် ဖားကို ရေအိုးတစ်အိုးထဲထည့်ပြီး အောက်ကနေမီးမြိုက်တဲ့အခါမှာ ရေက တဖြည်းဖြည်းပူလာတဲ့အတွက် ဖားအတွက် မသိသာပဲ နောက်ဆုံးမှာ ဖား သေသွားပါတယ်။ အဓိက ပြောချင်တဲ့ အကြောင်းက ကွျန်တော်တို့အတွက် ပြသနာ အကြီးကြီးတစ်ခုကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်တဲ့အခါမှာ ရုတ်တရက် ပြသနာအနေနဲ့ သိပြီး ရုန်းထွက်ဖို့ ကြိုးစားကြပေမယ့် မဖြစ်လောက်တဲ့ ပြသနာအသေးအဖွဲကလေးတွေကို တွေ့တဲ့အချိန်မှာ ဒါပြသနာ မဟုတ်သေးပါဘူးလေ ဆိုပြီး ဖြေရှင်းဖို့ မကြိုးစားကြပါဘူး။ အဲဒီအတွက် ပြသနာကတဖြည်းဖြည်း ကြီးလာတဲ့အခါမှာ ကွျန်တော်တို့ ဖြေရှင်းလို့မရနိုင်အောင် ဖြစ်ကြရပါတယ်။
မလုပ်သင့်တာကို လုပ်မှ မှားတယ်လို့ ပြောလို့ရတာမဟုတ်ပါဘူး။ လုပ်သင့်တာကို လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ မလုပ်ရင်လဲ မှားတာပါပဲ။ အခုလက်ရှိ ဇော်ဂျီကို သုံးနေတဲ့ User တွေအားလုံးဟာ ရေအိုးထဲထည့်ပြီး တဖြည်းဖြည်း မီးမြှိုက်ခံနေရတဲ့ ဖားတွေလိုပါပဲ။

အနာဂတ်မှာ ဘာပြသနာတွေ ရှိလာနိုင်လဲ
လူတိုင်း ပြောနေကြတဲ့ အကြောင်းကတော့ Searching နဲ့ Sorting ပါ။ ဒါပေမယ့် ဒီ Searching နဲ့ Sorting က သာမန် အသုံးပြုသူတွေအတွက် အကြီးအကျယ်မထိခိုက်နိုင်ပါဘူး။ ကွျန်တော့် အမြင်အရ အဓိက ပြသနာက Localization နဲ့ Normalization ပါ။ တစ်ချိန်ချိန်မှာ Database တွေက သူတို့ အထဲမှာ Store လုပ်တဲ့စာတွေကို Unicode Scheme နဲ့ Normalize လုပ်ပြီး သိမ်းလာနိုင်ပါတယ်။ အလားတူပဲ Firefox, Thunderbird လို ဆော့ဖ်ဝဲတွေ၊ Microsoft Word, Excel, Outlook လို ဆော့ဖ်ဝဲတွေက UTF-8 နဲ့ ရိုက်တဲ့စာကို Unicode Scheme နဲ့ Normalize လုပ်ပြီး Display လုပ်လာနိုင်ပါတယ်။ အဲဒါဆိုရင် ယခုလက်ရှိ ဇော်ဂျီသုံးတဲ့ User တွေ ပြသနာ အကြီးအကျယ်တက်နိုင်ပါတယ်။ ဖြေရှင်းဖို့ နည်းလမ်းက Software တိုင်းကို Workaround လုပ်ပြီး သုံးဖို့ ပဲရှိပါတယ်။ အဲဒီနည်းလမ်းက လူတိုင်းအတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းမဟုတ်ပါဘူး။

နောက်တစ်ခုက ကွျန်တော်တို့လည်း သူများတွေနည်းတူ ဆော့ဖ်ဝဲလ်တွေကို Localize လုပ်ဖို့ လိုအပ်လာပါပြီ။ Software Community အကြီးစားတွေက Unicode Standard မဟုတ်တဲ့ ဖောင့် နဲ့ Localize လုပ်တာကို လက်ခံမှာ မဟုတ်ပါဘူး။ အဲဒီတော့ အားလုံးကို အင်္ဂလိပ်လိုသုံးပြီး ဘာသာမပြန်ပဲ နေရုံပဲရှိပါတယ်။

User များဖက်မှ စဉ်းစားခြင်း
User တွေဖက်က ဘယ်လိုစိုးရိမ်မှုတွေ ရှိသလဲဆိုတာ လက်တွေ့ကျကျ စဉ်းစားကြရအောင်။
ဥပမာ Blogger တစ်ယောက်ဆိုပါစို့။ သူ့ရဲ့ ဘလော့ခ်ကို Unicode 5.1 နဲ့ ပြောင်းပြီးရေးမယ်ဆိုရင် သူ့ဆီကို လာဖတ်တဲ့ စာဖတ်သူအရေအတွက် လျော့သွားမှာ စိုးရိမ်တာ ပထမဆုံး အချက်ပါပဲ။ နာမည်ကြီးဘလော့ဂါမဟုတ်ရင် ဘယ်သူမှ အပင်ပန်းခံ Font အသစ် Install လုပ်ပြီး ဖတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နာမည်ကြီး ဘလော့ခ်တွေ မှာတော့ Advantage ရှိပါတယ်။ ဥပမာ - မိုးမခ ဘလော့ခ်ဆိုရင် BIT Font သုံးထားပေမယ့် သူ့ရဲ့ Popularity က လျော့မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် အမာခံ ပရိသတ် ရှိပြီးဖြစ်လို့ပါ။
Forum လုပ်တဲ့သူတွေဖက်က စဉ်းစားကြည့်ကြရအောင်။ ဖိုရမ်ဆိုတာ အများအားဖြင့် ပရိသတ်အမာခံ ရှိပြီးသားပါ။ သူတို့ သုံးချင်တဲ့ဖောင့် သုံးလို့ရပါတယ်။ သူတို့ သုံးတဲ့ ဖောင့်ကို သူ့ပရိသတ်က လိုက်သုံးမှာပါပဲ။ ဥပမာ - Native Myanmar ဆိုရင် Win Kalaw လို အသုံးမများတဲ့ ဖောင့်သုံးထားပေမယ့် အားလုံးက Win Kalaw လိုက်သုံးကြတာပါပဲ။ Myanmar Cupid ဆိုရင် Myanmar Cupid Font Pack ဆိုပြီးတော့တောင် Download လုပ်ဖို့ ပေးထားလို့ User တွေက Download လုပ်ပြီး သုံးကြတာပါပဲ။ ဒါပေမယ့် ဖိုရမ် Moderator တွေရဲ့ စိုးရိမ်မှုက Unicode ပြောင်းသုံးတဲ့ အတွက် Display ပြသနာဖြစ်မှာ၊ တစ်ချို့ဖိုရမ်တွေမှာဆိုရင် Interface တွေ အကုန်လုံးက Localize လုပ်ပြီးသား ဖြစ်တဲ့အတွက် Unicode ပြောင်းရင် Localize ပြန်လုပ်ရမှာ စတဲ့ပြသနာတွေပါ။

ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ
ဘေးထိုင်ပြီး ဘုပြောနေမယ့်အစား လက်တွေ့ကျကျစဉ်းစားကြရအောင်ပါ။ ကွျန်တော် စဉ်းစားမိသလောက် ပြောပါမယ်။ တစ်ခြားစဉ်းစားမိတာရှိရင် ထပ်ဖြည့်ကြတာပေါ့။
ပထမဆုံး အဆင့်အနေနဲ့ ဘာကြောင့် Unicode 5.1 ပြောင်းသုံးသင့်သလဲဆိုတာ User တွေ သိအောင် ပညာပေးဖို့လိုပါတယ်။ အဲဒီတော့ အားလုံးဝိုင်းစဉ်စားပြီး အနာဂတ်မှာ ဘာပြသနာတွေ ဖြစ်လာနိုင်တယ်၊ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်တယ်ဆိုတာ ဝိုင်းစဉ်းစားပြီး စာရင်းပြုစုဖို့ လိုအပ်ပါလိမ့်မယ်။
ဒုတိယအဆင့်အနေနဲ့ User တွေအတွက် Conversion မှာ အထောက်အကူပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဖိုရမ် Administrator တွေအတွက် MySQL Conversion Tools တွေ၊ Blogger တွေအတွက် အလွယ်တကူ Convert လုပ်နိုင်မယ့် Tools တွေလိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုက Unicode 5.1 Keyboard Layout ကို အကွျမ်းတဝင်မရှိတဲ့ User တွေအတွက် ဇော်ဂျီ ကီးဘုတ်နဲ့ Unicode 5.1 Display တွဲထားတဲ့ Keyboard Driver မျိုးပါ ပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။ အပိုအနေနဲ့ PHPBB Localization, Fusion Localization လို လူသုံးများတဲ့ ဖိုရမ်ဆော့ဖ်ဝဲတွေကို မြန်မာလို Localize ကြိုလုပ်ထားနိုင်ရင် User တွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိပါလိမ့်မယ်။
တတိယအဆင့်အနေနဲ့ Public Campaign လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ အင်တာနက်ပေါ်မှာ Campaign လုပ်ရတာ အပြင်မှာ လုပ်ရသလောက် မခက်ပါဘူး။ နာမည်ကြီး ဘလော့ဂါတွေ ကစလုပ်ရင် နောက်လူတွေ အားလုံးလိုက်လုပ်ကြမှာ သေချာပါတယ်။ အဲဒီလိုအချိန်မျိုးမှာ User တွေကို ကွျန်တော်တို့ ပထမအဆင့်က စာရင်းပြုစုထားတဲ့ အချက်တွေ ၊ ဒုတိယအဆင့်မှာ ကွျန်တော်တို့ ပြင်ဆင်ထားတဲ့ Tools တွေနဲ့ User တွေကို Unicode 5.1 ရဲ့ အကျိုးကျေးဇူးတွေ၊ ပြောင်းဖို့လွယ်တယ်ဆိုတဲ့ အကြောင်းတွေ ပြလို့ရပါတယ်။ Date တစ်ခုကို Set လုပ်ပြီး Internet Campaign တစ်ခုအနေနဲ့ အားလုံးပြောင်းကြမယ်ဆိုရင် ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီလို ပြောင်းတဲ့အခါမှာ User တွေကို Technical ပိုင်းက အကူအညီပေးမယ့် Team တစ်ခုက Ready ရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုက မြန်မာနိုင်ငံထဲက Team တွေက အင်တာနက် ကဖေးတွေကို Technical Support ပေးပြီး ကင်န်ပိန်းထဲမှာ ပါဖို့ ဆွဲဆောင်ပေးနိုင်ရင် ပိုကောင်းပါတယ်။

ဇော်ဂျီဖက်က စဉ်းစားခြင်း
ကွျန်တော်တို့ မြန်မာလူမျိုးများ သံယောဇဉ် အလွန်ကြီးတတ်ကြသလို အလွန်အရိုးစွဲတတ်ကြပါတယ်။ အဲဒီတော့ Unicode 5.1 Conversion မှာ ဇော်ဂျီ ကို ဖယ်ထုတ်ခဲ့လို့မလွယ်ပါဘူး။ အဲဒီတော့ ဇော်ဂျီရဲ့ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါတယ်။ ကွျန်တော် အကြံပေးချင်တာက Alpha အနေနဲ့လည်း Zawgyi 5.1 ပဲခေါ်ခေါ်၊ Zawgyi-two ပဲခေါ်ခေါ် 5.1 Compatible ဖြစ်တဲ့ ဖောင့်တစ်ခုကို User တွေအတွက် ထုတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ အဲဒီလို ဖောင့်အသစ် စီစဉ်ပြီးတဲ့အခါမှာ Alpha ကိုယ်တိုင်က ဦးဆောင်ပြီး Campaign ကိုလုပ်နိုင်မယ်ဆိုရင် ပိုပြီးတွင်ကျယ်မှာ သေချာပါတယ်။

အမေရိကန်လို နိုင်ငံမျိုးတောင် သူတို့ထွင်ထားတဲ့ CDMA-2000 စနစ်ကို ဘေးဖယ်ပြီး တကမ္ဘာလုံးသုံးတဲ့ GSM နောက်ကို လိုက်ရသေးတာ ကွျန်တော်တို့လည်း ကိုယ့်ဘာသာကိုယ် ထွင်ထားတဲ့ De facto စနစ်တွေကို ဘေးဖယ်ပြီး တကမ္ဘာလုံးသုံးတဲ့ Unicode Standard နောက်ကို လိုက်ကြရအောင်ပါ။ တဖြည်းဖြည်း မီးမြှိုက်ခံရတဲ့ ဖားတွေလို အသေခံကြမယ့်အစား လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်ကြရအောင်ပါ။ Personal Hatred တွေ ကိုယ်ကျိုးစီးပွားတွေ အားလုံးဘေးဖယ်ထားပြီး အနာဂတ်အတွက် အားလုံးတက်ညီလက်ညီ လုပ်ကြမယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Sunday, August 31, 2008

How to put converter box in Wordpress

For the WordPress User.

Go wp-admin/theme-editor.php
Find > Page Template, Main Index Template in right side.

Then put following line in text box.

Saturday, August 30, 2008

How to put Convertor Combo Box?

Open Template and put one line between *head* and *body* tag like this;


Myanmar Unicode နဲ့ ပက်သက်ပြီး နားလည်မိသမျှ

မြန်မာအိုင်တီပရိုမှာ ယူနီကုဒ်နဲ့ ပက်သက်ပြီး အရင်က အငြင်းပွားကြပါတယ်... အခုလည်း အငြင်းပွားနေကြတုန်းပါပဲ... နောင်လည်း ဆက်ညင်းနေကြဦးမယ့် သဘောမှာ ရှိပါတယ်... တစ်ကယ်တော့ ဒီကိစ္စကို ကိုယ့်ကိစ္စမဟုတ်ပါဘူးလေ... လူကြီးတွေ ကောင်းအောင်လုပ်ပါလိမ့်မယ်... နောက်ဆုံး ရလဒ်တစ်ခုထွက်လာတော့မှ လူကြီးတွေက သုံး ဆိုတာကို သုံးလိုက်မယ်လို့ စိတ်ကူးထားတာပါ... ဒါပေမယ့် အားလုံး စည်းလုံး ညီညွတ်ရမယ့်ကိစ္စမှာ ဘာဖြစ်လို့ ဒီအငြင်းပွားမှုတွေ ရှိနေတာလည်းဆိုတာကို စိတ်ဝင်စားမိပါတယ်... စိတ်ဝင်စားလို့ လေ့လာရင်းနဲ့ အနည်းအပါးသိလာပါတယ်... အဲ့ဒါလေးတွေကို တင်ပြခွင့်ပြုပါ...


Unicode ဆိုတာ လိုအပ်သလား


လိုတာပေါ့ဗျာ... အခုခေတ်မှာ ကိုယ်ရေးထားတဲ့စာကို တစ်ခြားသူက Font မရှိလို့ ဖတ်လို့မရဘူးဆိုတာ လုံး၀မဖြစ်သင့်တော့ပါဘူး... စံတစ်ခုကိုသာ Font အားလုံးက လိုက်နာမယ်ဆိုရင် Font တစ်ခုရှိနေတာနဲ့ ဘယ် Font ကိုသုံးပြီး ရေးထားရေးထား ဖတ်လို့ ရပါလိ့မ်မယ်... Font ဆိုတာ တစ်ကယ်တော့ အပေါ်ယံ လေးပါပဲ... အခုတော့ Zawgyi နဲ့ ရေးထားရင် Myanmar3 နဲ့ ဖတ်လို့မရပါဘူး... Myanmar3 နဲ့ရေးထားရင် Zawgyi နဲ့ ဖတ်လို့မရပါဘူး... ဘာလို့မရလဲ အားလုံးသိပါတယ်... စံတစ်ခု ရှိနေရဲ့သားနဲ့ Zawgyi က စံကို မလိုက်နာပဲ ထင်သလို လုပ်ထားပါတယ်... Myanmar3 ကတော့ လိုက်နာပါတယ်... အဲ့ဒီမှာ လွဲနေတာပါပဲ... (Font နဲ့ Unicode နဲ့ မကွဲသေးတဲ့သူတွေ အများကြီးရှိပါတယ်... ပညာပေးမှုတွေ လိုအပ်နေပါသေးတယ်...)


Unicode ကြောင့် ရနိုင်မယ့် အကျိုး


Unicode စစ်စစ်ကို သုံးလိုက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေက အလွန်ပဲများပြားပါတယ်... အများသိထားတဲ့အတိုင်း Unicode စစ်စစ်က Searchable, Sortable ဖြစ်ပါတယ်... စံတစ်ခုကိုသာ အားလုံးလိုက်နာကြရင် အထက်မှာပြောခဲ့သလို မြန်မာ Font တစ်ခု ရှိနေယုံနဲ့ မြန်မာစာ အားလုံးကို ဖတ်လို့ရနိုင်ပါလိမ့်မယ်... တစ်ခြား အကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်...


(နောက်ပြီတော့ မြန်မာဆိုတာ ဗမာတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး...ရှမ်း၊ မွန် စတဲ့ တိုင်းရင်းသားတွေလည်း မြန်မာတွေပါပဲ... မြန်မာစာဆိုတဲ့ နေရာမှာ တိုင်းရင်သားတွေကို ထည့်စဉ်းစားရပါမယ်... မသိချင်ယောင်ဆောင်နေလို့မရပါဘူး... Zawgyi ဆရာသမားတွေ ကောင်းကောင်းသိပါတယ်... သူတို့က တိုင်းရင်းသားတွေအတွက် သတ်မှတ်ထားတဲ့ code point တွေကို အပိုင်စီးထားပါတယ်... အဲ့ဒါကြောင့် Zawgyi နဲ့ ဘယ်တော့မှ တိုင်းရင်းသား စာတွေ ရိုက်လို့ရမှာ မဟုတ်ပါဘူး... Unicode စစ်ရင် ရပါတယ်... တိုင်းရင်းသားတွေအတွက်ပါ ထည့်စဉ်းစားပြီးသားပါ...)


Zawgyi က ဘာကြောင့် စံကို မလိုက်နာတာလဲ


အဲ့ဒါတော့ Zawgyi Developer တွေကို မေးမှပဲ ရမယ်... ခက်တာက သူတို့ကလည်း မရိုးမသားလုပ်ထားတဲ့ သူတွေဆိုတော့ မျက်နှာမပြရဲ့ကြဘူး... ဒါငါလုပ်တာဟေ့လို့ ရဲရဲဝံ့ဝံ့ မပြောရဲ့ကြဘူး... သနားဖို့တော့လည်း ကောင်းပါတယ်... ပင်ပင်ပန်းပန်း လုပ်တုန်းကလုပ်ပြီး ဝန်ခံခွင့် မရကြရှာဘူး... ကွျန်တော်နားလည် သလောက်ဆိုရင် စံကို လိုက်နာဖို့က နည်းပညာပိုင်း အနည်းငယ် အခက်အခဲ ရှိပါတယ်... ဥပမာ- မြန်မာစာမှာ ရရစ် (ြ-) ဆိုတာရှိပါတယ်... စံသတ်မှတ်ချက်အရ ရရစ် တစ်ခုပဲရှိပါတယ်... ဒါပေမယ့် က တို့ အ တို့လို စာလုံးတွေနဲ့ တွဲပြရမယ်ဆိုရင် ရရစ်အကြီး (ကြ) ကို ပြရမှာဖြစ်ပြီးတော့ ခ၊ င စတဲ့ စာလုံးတွေအတွက် ရရစ်အသေး(ငြ) ကို ပြပေးရမှာပါ... စံသတ်မှတ်ချက်အရ ရရစ် တစ်ခုပဲ ရှိတော့ Font က အလိုလိုနားလည်ပြီး သင့်တော်တဲ့ ရရစ်ကို ပြပေးနိုင်ရပါတယ်... Zawgyiက အဲ့ဒါကို ဘယ်လိုလုပ်ရလဲ မသိလို့ထင်တယ်... စံက တစ်ခုတည်း သတ်မှတ်ထားပေမယ်... သူတို့က (ြ- ကော ြ-- ပါ) နှစ်ခုစလုံး ယူထားလိုက်ပါတယ်... မြန်မာတွေဖြစ်ပြီးတော့ မြန်မာစာကို ကောင်းကောင်းနားမလည်တော့ ဇမျဉ်းစွဲ နဲ့ စလုံး ယပင့် (ဈ) ကို အတူတူလို့ ယူဆကြပါသေးတယ်... မြန်မာစာရဲ့ သဘောကို အားလုံးသိပါတယ်... [ သဝေထိုး ကကြီး ရရစ် ရေးချ ငသတ် ကြောင်း ရှေ့က ဝစ်ဆန်နှစ်လုံးပေါက် ကြောင်း ] ဆိုတာ သူငယ်တန်း ကလေးကအစ သိပါတယ်... ဒါပေမယ့် Zawgyi က ကကြီး ရိုက်ပြီးမှာ ရရစ်ရိုက်ရင် (ကြ--) ကြ လို မှန်မှန်ကန်ကန် မပြနိုင်တော့ ရရစ်ကို အရင်ရိုက်ရပါတယ်... ပြီးမှ ကကြီးရိုက်ရပါတယ်... အားလုံးသိပြီးသားပါ... မဆင်ပြေအောင် မလုပ်တက်တိုင်း မြန်မာတို့ရဲ့ရိုးရာ မြန်မာစာကို ဖျက်ဆီးတာပါပဲ... ဒီလောက်ဆိုရင် Zawgyi က ဘာလို့ စံကို မလိုက်နာ(နိုင်)တာလဲ သိလောက်ပါပြီ... မှားနေရင်လည်း Zawgyi ဆရာသမားတွေ ဝင်ပြင်ပေးပါလိမ့်မယ်... (အဲ့ဒါတောင်မှ Zawgyi ရဲ့ နည်းပညာ အရမ်းမြင့်ပါတယ်လို့ ပြောတဲ့သူတွေရှိသေးတယ်... အံ့ပါရဲ့... အံ့ပါရဲ့... ;)


ဒါဆို ဘာလို့ Zawgyi ကို လူသုံးများနေတာလဲ


ဒါကတော့ ရှင်းပါတယ်... သူများတွေက စံကိုလိုက်နာဖို့ ကြိုးစားနေချိန်မှာ သူက အဖြစ်လုပ်ပြီတော့ ဈေးကွက်ထဲကို အမြန်ဖြန့်လိုက်ပါတယ်... အဲ့ဒီတော့ လူတွေက သူ့ကို အရင်စသုံးဖြစ်ပါတယ်... (planet လို နာမည်ကြီး site က စသုံးပြတာလည်းပါပါတယ်) တစ်ကယ် စံကိုလိုက်နာနဲ့ Font တွေ ထွက်လာတဲ့အချိန်မှာ သာမန် (user) တွေက ပြောင်းမသုံးချင်တော့ပါဘူး... ဒါ သဘာဝကျပါတယ်... User တွေအနေနဲ့ကတော့ လတ်တလော ဖတ်လို့ရနေတယ်... အဆင်ပြေနေတယ် ဆိုရင်ပြီးတာပဲလေ... Technical Detail က သူတို့နဲ့မှ မဆိုင်ပဲ... Zawgyiက အဲ့ဒီအချက်ကို အမိအရကိုင်ပြီးတော့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတာပါ...


Unicode ကို လက်ခံဖို့ ဘာလို့ခက်ခဲနေတာလဲ


နှစ်ချက်ရှိပါတယ်... ပထမအချက်က လက်ရှိ web ပေါ်မှာ ပြုပြင်ဖို့ခက်ခဲလောက်အောင် လူတိုင်း Zawgyi သုံးနေကြလို့ပါ... Unicode ကို နားလည်တဲ့ Blogger တစ်ယောက်ကို မေးကြည့်ပါ... မင်းရဲ့ blog ကို Myanmar3 နဲ့ ပြောင်းပါလားလို့... ဘယ်ပြောင်းမလဲ... ပြောင်းလိုက်ရင် နောက်ပိုင်း အကျိုးရှိနိုင်ပေမယ့် သူ့blog ရဲ့ လက်ရှိ popylarity ကျသွားမှာပေါ့... user က ဖတ်လို့ မရတော့ဘူးလေ... ဖတ်ချင်ရင် Myanmar3 ထပ်ထည့်ရမယ်လေ... (Myanmar3 ကို ထပ်ထည့်ဖို့ကြတော့ တစ်ချို့ unicode ကို မလိုလားသူတွေရဲ့ မမှန်သတင်းလွှင့်မှုတွေကြောင့် တွန့်ကြတယ်လေ...) နောက်တစ်ချက်ကတော့ Zawgyi ကြောင့်ပါပဲ... သူတို့က စံကို လိုက်နာဖို့ မကြိုးစားကြသလို စံလိုက်နာတဲ့ Font တွေကို လူတွေသုံးကြမှာကိုလည်း ကြောက်ကြပါသေးတယ်... (unicode standard ်font ကိုသာလူတွေသုံးလာကြရင် Zawgyi ကိုယ်တိုင် standard ကို လိုက်နာရင်တောင်မှ အခုလို လက်ဝါးကြီးအုပ်ထားလို့ ရမှာမဟုတ်တော့ပါဘူး)


ဒါဟာ ဘာကြောင့် အခုလို အငြင်းပွားမှုတွေ ဖြစ်နေရသလဲဆိုတာကို

အနည်းအကျဉ်းမြင်သာအောင်ပြောတာပါ... ဆရာကြီးတွေနဲ့ လူကြီးတွေကတော့ သိပြီးသားပါ... Beginner တွေနဲ့ ကွျန်တော့်လို ချာတိတ်တွေ မမှန်သတင်းလွှင့်တဲ့သူတွေရဲ့ အပြောသက်သက်တွေကို ယုံနေမှာစိုးလို့ အခုလို တင်ပြလိုက်တာပါ... တစ်ကယ်ဆိုရင် ဒီ မပြီးဆုံးနိုင်တဲ့ အငြင်းပွားမှုထဲကို ဝင်မပါချင်ပါဘူး...


နောက်ပြီးတော့ သတိထားကြပါ... Standard Unicode ကို လိုက်နာလိုက်ရင် ကွျန်တော်တို့ရဲ့ ကွန်ပျူတာသုံး မြန်မာစာဟာ အလျှင်အမြန်တိုးတက်လာမှာပါ... ဒီလိုတိုးတက်မှာကို မလိုလားသူတွေနဲ့ အမျိုးသားရေးကိုမကြည့်ပဲ ကိုယ့်အတ္တတစ်ခုတည်းကို ရှေ့တန်းတင်ပြီး မှားမှန်းသိရက်နဲ့ ကိုယ့် product ကို promote လုပ်ဖို့ ကြိုးစားနေသူတွေကသာ Unicode Standard ကို ဆန့်ကျင်နေကြတာပါ...


ကျေးဇူးတင်ပါတယ်...


[ Ei Maung ]


ps: ဘယ်ဘက်မှလိုက်တာမဟုတ်သလို ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ပါဘူး... သာမာန် web developer တစ်ယောက်ပါပဲ... မြင်တာကို မြင်တဲ့အတိုင်းရေးတာပါ... အမှန်တွေပြောလို့ တစ်ချို့ကို ထိခိုက်မိရင်တော့ မတက်နိုင်ပါဘူး..