Monday, January 5, 2009

မြန်မာယူနီကုဒ် နှင့် မြန်မာဝက်ဆိုက်များ အနာဂတ် (အင်တာဗျူး အပိုင်း - ၂)

Source : http://www.lawka-ahla.com/news.php?item.534

မြန်မာဘာသာနဲ့ ရေးထားတဲ့ အင်တာနက် စာမျက်နှာများကို လေ့လာကြည့်ရာမှာ မြန်မာသရီးဖောင့်ကို သုံးထားတဲ့
ကိုသင်ကာ ( ) ကို ကျွန်မတို့လောကအလှ မှ သိလိုသည်များကို မေးမြန်းခဲ့ပါတယ်။


ကိုသင်ကာရဲ့ ဘလော့ဂ်မှာ မြန်မာသရီး ဖောင့်ကို သုံးထားတာကိုတွေ့ရပါတယ်။ တခြား အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကို သုံးထားကြတော့ ကိုသင်ကာက ဘာကြောင့် မြန်မာသရီးဖောင့်ကို သုံးတာပါလဲ သိပါရစေ။

- ဖောင့်ကိစ္စအထစ်အငေါ့လေးတွေ လေ့လာရာကနေ ဇော်ဂျီဖောင့် ဘယ်ကိုသွားနေလဲ၊ အနာဂတ် အွန်လိုင်း စာလုံးသုံးစွဲရေး၊ ကွန်ပျူတာ (သို့) အွန်လိုင်းမှာ နိုင်ငံတကာ အသိအမှတ်ပြု ဖောင့်နဲ့ သိမ်းဆည်းနိုင်၊ ရပ်တည်နိုင်ရေး စတာတွေ ဆက်စပ်တွေးမိလာတယ်။ Solveware Solution က စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ ကိုငွေထွန်း၊ ကျွန်တော့့်ရဲ့ စိတ်ဝင်စားမှုကို ပိုပြီး ကျယ်ပြန့်လာစေတဲ့ မြန်မာစာဆရာကြီး ဂွျန်အိုကဲ၊ IT Pro ဖိုရမ်မှာ ဖတ်ရတဲ့ ဆွေးနွေးချက်တွေကနေသိတဲ့ ဗဟုသုတ၊ နောက်ဆုံး ကိုမှော်ဆရာရဲ့ ယူနီကုဒ် မြင်းရိုင်းနှင့် ဘိုင်နရီ ခေတ်လွန် မြန်မာစာ ယဉ်ကျေးမှု () စာတမ်းတို့က ဘလော့ဂ်မှာ မြန်မာယူနီကုဒ်ဖောင့်ကို ပြောင်းရေးဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။

ယူနီကုဒ်ဖောင့်နဲ့ ပြောင်းရေးပြီးနောက် လာရောက်လည်ပတ်သူများရဲ့ တုုံ့ပြန်မှုကရော….

- ဒီဇင်ဘာ ၂၆ ကနေ ပီပီပြင်ပြင်စပြီးတော့ ယူနီကုဒ်နဲ့ ရေးတယ်။ လာရောက် လည်ပတ် ဖတ်ရှုသူ ၆၀ ရာခိုင်နှုန်းလောက်က ယူနီကုဒ်ဖောင့်ကို လိုလိုချင်ချင်ပဲ ထည့်ကြတယ်။ အသုံးများကြတာ မြန်မာသရီးပါ။ ၁၅ ရာခိုင်နှုန်းလောက်ကတော့ မကျေနပ်ချင်ဘူး ထင်ပါတယ်။ ကျန်တဲ့သူတွေကတော့ ဖတ်မရတော့ မဖတ်ဘူးဆိုပြီး လှည့်ပြန်သွားပုံရတယ်။ Hit Counter နဲ့ ဘလော့ဂ် ကိန်းညွှန်းကို ကြည့်ပြီး ခန့်မှန်းပြောရတာပါ။ ဒီနေ့မနက် ဘလော်ဂါတစ်ယောက်ကတော့ မေးလ်ပို့ပါတယ်။ သူလည်း ယူနီကုဒ်နဲ့ ပြောင်းရေးတော့မယ်လို့ ဆိုလာပါတယ်။ ကြိုဆိုလိုက်ပါတယ်။

ဖတ်မရတဲ့သူတွေက အကူအညီတောင်းတာ နည်းပညာမေးတာမျိုး ရှိ မရှိ သိပါရစေ။

- ရှိပါတယ်။ ဖောင့်သွင်းဖို့၊ မသွင်းချင်ရင်တော့ ကွန်ဗက်တာ ထည့်ကြဖို့ အကြံပေးပါတယ်။ ကျနော့် ဆိုဒ်ဘားမှာ လင့်ခ်တွေ ပေးထားပါတယ်။ အစပိုင်းမှာ ကျနော် သေချာ မရှင်းပြတတ်ဘူး။ ကိုမှော်ဆရာက စနစ်တကျလေး ယူနီကုဒ်ဒေါင်းလုဒ် ဘလောဂ်လေး () လုပ်ပေးထားတာတွေ့တော့ အဲဒါပဲ အခု ညွှန်းနေတယ်။ တော်တော် ကောင်းတဲ့ ဖောင့် ဘလော့ဂ်လေးပါ။

မြန်မာဘာသာကို အသုံးပြုတဲ့ website တွေမှာ ဘယ်မြန်မာဖောင့်ကို သုံးရင် အဆင်ပြေဆုံး ဖြစ်ပါမလဲဆိုတာ သုံးသပ်ပေးပါလား။

-ယူနီကုဒ်စနစ်ကိုလိုက်နာတဲ့ ဖောင့်တွေ ရှိပါတယ်။ ရွေးချယ်နိုင်ကြပါတယ်။ နောက်ဆုံးအဖြစ် ယူနီကုဒ် ၅.၁ ကိုလိုက်နာတဲ့ ဖောင့်တွေလည်း ထွက်လာပြီ။ ဖောင့်ပုံစံအချိုးအစားက အကြိုက်တစ်မျိုးစီ ရှိကြမယ် ထင်တယ်။ ကျွန်တော််ကတော့ မြန်မာသရီးဖောင့်ကို လှတယ်ထင်တယ်။ ဒါပေမယ့် ဆိုဒ် ၁၂ ဆို သိပ်သေးတော့ ၁၃ နဲ့ ရေးတယ်။ ဘီဘီစီမြန်မာပိုင်းမှတော့ မြန်မာဝမ်းနဲ့ သုံးထားတာ တွေ့ရတယ်။ မြန်မာသရီးထွက်နေတာ သူတို့သိရသားနဲ့ ဘာလို့ မသုံးလဲ မသိဘူး။ မိုးမခကလည်း ပြောင်းသုံးမယ်လို့ ပြောနေတာ ကြားရတယ်။

ဇော်ဂျီဖောင့်အလားအလာနဲ့ မြန်မာယူနီကုဒ်ရဲ့ အစမ်းသပ်ခံနိုင်မှု အပေါ် အမြင်ကို ပြောပြပေးပါလား။

- ဇော်ဂျီဖောင့်ကို လတ်တလော ပစ်ပယ်လိုက်လို့ မရသေးဘူးထင်ပါတယ်။ ဇော်ဂျီဖောင့်ကို ထွင်ခဲ့တာ သစ်မရခင် ဝါးပေါင်းကွပ်ဖို့ပါလို့ ဆိုတယ်လို့ ကြားဖူးတယ်။ လက်ရှိ ထွင်ပြီးသား ယူနီကုဒ်ဖောင့်တွေ သုံးကြဖို့ တိုက်တွန်းတာ တွေ့ရသလို၊ ဇော်ဂျီသံယောဇဉ် အမျှင်တန်းသူတွေ အဆင်ပြေဖို့ ဇော်ဂျီဖောင့်ကို ယူနီကုဒ်စနစ်ဘက် လိုက်နာ ပြောင်းလဲဖို့ အကြံပြုသူတွေလည်း တွေ့ရတယ်။ အဆင်ပြေနိုင်တယ် မပြေနိုင်ဘူးဆိုတာတော့ ကျွန်တော်လည်း လက်လှမ်းမမီဘူး။

ဇော်ဂျီယူနီကုဒ်ဆိုပြီး ထွက်လာပေမယ့် တဝက်လောက်ပဲ စံလိုက်နာသေးတဲ့ Semi Unicode လို့ ကိုမှော်ဆရာပြောထားတာ ဖတ်ရပါတယ်။ လောလောဆယ် ယူနီကုဒ် ၅.၁ ဖောင့်တွေဟာ Perfect မဖြစ်သေးဘူးလို့ ထောက်ပြတာလည်း တွေ့ရတယ်။ ဟုတ်နိုင်ပါတယ်။ ကျွန်တော့့် အမြင်ကတော့ သုံးစွဲသူတွေရဲ့ အဆင်ပြေ မပြေ ဆိုတာတွေကို ပြန်ချင့်ပြီး သူတို့နည်းပညာပိုင်းက ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းပေးရမယ့် ကိစ္စလို့ မြင်တယ်။ လုံးဝ ပြည့်စုံကောင်းမွန်မှ သုံးမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံ ကိုယ့်ပညာရှင် ကိုယ့်ရန်ပုံငွေ အနေအထားတွေအရ အလိုက်မသိရာ ရောက်မလားပဲ။

ကိုမှော်ဆရာက သူ့စာတမ်းမှာ ထောက်ပြသလိုပါပဲ၊ ဇော်ဂျီနဲ့နှစ်ပါးသွားလို့ မှားတဲ့ အမှားဟာ ယူနီကုဒ်နဲ့ ဖြစ်မိတဲ့ အမှားထက်တော့ ပိုဆိုးမှာ သေချာပါတယ်။ မြန်မာစာအတွက် ယူနီကုဒ်သတ်မှတ်ပေးတာ ခုဆို ဆယ်နှစ်လောက်ရှိပြီပြောတယ်။ ခုမှ ဒီအခြေအနေရောက်တယ်။ တိုင်းရင်းသားဘာသာစကားတွေကို ကုဒ်ရေးနေတုန်းလို့ သိရပါတယ်။

ယူနီကုဒ် ဖောင့်နဲ့ မြန်မာဘလော့ဂ် အနာဂတ်အပေါ် အမြင်ကရော။

- ပြီးခဲ့တဲ့ ၂ လမှာ ယူနီကုဒ်ကို ကလိရင်း အတော်ကြီး ဒုက္ခများသလို၊ ရသွားတဲ့အခါ အတော်ကြီးလည်း သဘောကျမိပါတယ်။ ကျွန်တော််က ကိုငွေထွန်းကို ၂၀၀၉ ဟာ ယူနီကုဒ် ဘလော့ဂင်း တော်လှန်ရေးဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ သူက ယူနီကုဒ်တွင်ကျယ်ဖို့မှာ ဘလော်ဂါတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါတယ်လို့ မြင်ခဲ့တဲ့သူပါ။ တတ်သိတဲ့ ပညာရှင်တွေက ထုတ်ဖော်ဆွေးနွေးပြလို့ ယူနီကုဒ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေ (ဥပမာ - ယူနီကုဒ်ဖောင့်ထည့်ရင် စက်ထဲမှာ အကုန်ဒုက္ခရောက်တယ်ဆိုတာမျိုး) လည်း လျော့ပါးလာပါတယ်။ ကိုမှော်ဆရာလို ရှင်းလင်း နှိုင်းယှဉ်ပြမယ့် စာတမ်းမျိုးပေါ်လာတာ အချိန်အခါသင့်ပဲလို့ ထင်ပါတယ်။ မဟုတ်ရင် ကျွန်တော််လို နည်းပညာပိုင်းရှင်းမပြနိုင်တဲ့ ဘလော်ဂါတွေဟာ စတန့်ထွင်တယ်ဆိုပြီး အဆဲခံရဖို့ ရှိနိုင်ပါတယ်။

ကျွန်တော် ယူနီကုဒ်ကို သဘောကျတာ ရိုက်ရတာ သိပ်စမတ်ကျလွန်းလို့ပါ။ ကျွန်တော်လို စာရိုက်မကျင်လည် ၊ ကီးတွေ အကုန်မသိတဲ့သူအဖို့ အလွန်အဆင်ပြေတယ်။ နောက်တစ်ခုတွေးမိတာက ယူနီကုဒ်စနစ်ဟာ ကိုယ်မြန်မာစာရေးနေတုန်း အထားအသို စာလုံးပေါင်း မှားယွင်းတာ (ဝလုံးနဲ့ သုည၊ ဥ နဲ့ ညကလေး) စတာတွေကို ရိုက်နေရင်း သိနိုင်တာပါပဲ။ ဒီစနစ်ဟာ မြန်မာစာကို စိတ်ပျက်စရာကောင်းလောက်အောင် စုတ်ပြတ်သတ်ထွက်အောင် ရေးချင်သလိုရေးနေကြတဲ့ ဘလော်ဂါတွေအတွက် လက်ကို ကီးဘုတ်က ထိန်းကွပ်ပေးနိုင်လိမ့်မယ် မျှော်လင့်တယ်။ ကဲ…မကောင်းဘူးလား။

ယူနီကုဒ် ဘလော့ဂင်းနဲ့ ပတ်သက်ပြီး နောက်ထပ်ပြောချင်တာ ရှိရင် ပြောပါဦး။

- အိမ်နီးချင်းနိုင်ငံတွေတောင် ယူနီကုဒ်စနစ်တွေ သုံးနေတာတွေ့တော့ ကိုယ်လည်း ကိုယ့်ဘာသာစကားကို ဖြစ်စေချင်တယ်။ ယူနီကုဒ် မသုံးတာနဲ့ ပတ်သက်လို့ အများသုံးသပ်ပြောဆိုနေကြတဲ့ မြန်မာတွေက အသစ်ကို လက်ခံရမှာ နှောင့်နှေးလို့၊ အကျင့်ရနေတာကို မှားနေပစေ လက်မလွှတ်ချင်လို့ စတဲ့ တိကျရေရာမှုမရှိတဲ့ စွဲချက်တွေကို လက်မခံပါဘူး။ အဓိကက အင်ဖော်မေးရှင်းပါပဲ။ ကိုယ့်ပါးစပ်ထဲ လာမခွံ့ရင် ကိုယ့်လက်နဲ့ ကိုယ်ယူစားရမှာပေါ့။

အိမ်နီးချင်းနိုင်ငံက လူငယ်တွေထက် ကျွန်တော််တို့ မြန်မာလူငယ်တွေက ပိုပြီး ကိုယ့်အားကိုယ််ကိုးရတယ်၊ ကြိုစားရတယ်။ သိလာရင် လူဆိုတာ အပြောင်းအလဲ လုပ်ချင်တာပါပဲ။ အဲဒီတော့ ယူနီကုဒ်နဲ့ ပတ်သက်လို့ NLP လို သုတေသနအဖွဲ့တွေကလည်း ပညာရှင်အချင်းချင်းနားလည်နိုင်မှာမျိုးအပြင် သာမန်လူတွေ နားလည်နိုင်လောက်တဲ့ အဆင့်အထိ အင်ဖော်မေးရှင်းပေး၊ သုံးစွဲသူတွေကလည်း တစ်ခုမကောင်းတာနဲ့ အကုန်ပုံချမယ့် အကျင့်မလုပ်ဘဲ အင်ဖော်မေးရှင်းကို စုံအောင်လေ့လာပြီးမှ ဆုံးဖြတ်ဆိုရင် အတော်ကြီးခရီးရောက်နိုင်စရာရှိပါတယ်။ အခုတောင် လမ်းစပေါ် ရောက်နေပြီ ထင်ပါတယ်။

ယူနီကုဒ်ဟာ စမတ်ကျတယ်၊ လက်ကွက်ပိုနည်းပြီး ပိုလွယ်တယ်ဆိုပေမယ့် သူ့ရဲ့ လက်ကွက်သဘောကို နားလည်အောင် ခဏလောက် အရင် လေ့လာဖို့လိုပါတယ်။ ကျွန်တော််ကတော့ ဖောင့်ရော ကီးဘုတ်ပါ အင်စတောလုပ်ပြီး ရှိရှိသမျှ ကီးဘုတ်တွေကို သူ့ချည်းသက်သက် တစ်ကြိမ်၊ Shift ခံပြီးတစ်ကြိမ်၊ Ctrl+Alt+Shift နဲ့ တစ်ကြိမ် သုံးမျိုး အကြိမ်ကြိမ် ရိုက်ကြည့်တယ်။ အဆုံးမသတ်ခင် တစ်ခု ပြောပါရစေ။ ယူနီကုဒ်နဲ့ ဘလော့ဂ်စရေးတာ ကျွန်တော် မဟုတ်ပါဘူး၊ မောင်ရစ်နဲ့ ကိုခက်ထန်တို့က ကျွန်တော့်ထက် အရင်ကျပါတယ်။ ကိုမှော်ဆရာနဲ့ ကျွန်တော််နဲ့က တပြိုင်တည်းလောက်ကျမယ် ထင်ပါတယ်။ နောက်ဆုံး မပြောမဖြစ်ပြောရမှာက ကျွန်တော်တို့ဟာ ယူနီကုဒ်ကောင်းကြောင်းနဲ့ ဇော်ဂျီဖောင့် သိပ်မစွံကြောင်းကို ဇော်ဂျီဖောင့်သုံးပြီး ပြောနေကြရသေးတယ် ဆိုတာပါပဲ…။ ဝတ္ထုထဲကစကားနဲ့ ရွှတ်နောက်နောက်ပြောရရင် “ကံကြမ္မာ၏ သရော်ချက်”လို့ပဲ ဆိုပါတော့ဗျာ…။

အခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတဲ့ ကိုသင်ကာကို ကျွန်မတို့ လောကအလှမှ ကျေးဇူးတင်ပါတယ် ရှင်။

မြန်မာယူနီကုဒ်နှင့် မြန်မာဝက်ဆိုက်များ အနာဂတ် (အင်တာဗျူး)

Source : http://www.lawka-ahla.com/news.php?item.533

မြန်မာဘာသာဖြင့်ရေးသားသော အင်တာနက်စာမျက်နှာများကို လေ့လာကြည့်ရတာတွင် ကိုမှော်ဆရာ ( ) ၏ ဘလော့ဂ်မှာ မြန်မာသရီးဖောင့်ဖြင့်ရေးသားသည်ကိုတွေ့ရသဖြင့် ဘလော့ဂ်ရေးသားသော ကိုမှော်ဆရာနဲ့ ကျွန်မတို့လောကအလှတို့ စကားပြောဖြစ်ခဲ့ကြပါတယ်။ လောကအလှမှ သိလိုသည်များကို မေးမြန်းပြီး ကိုမှော်ဆရာက ဖြေကြားသွားပေးခဲ့ပါတယ်။

ကိုမှော်ဆရာရဲ့ ဘလော့ဂ်မှာ မြန်မာသရီး ဖောင့်ကို သုံးထားတာကိုတွေ့ရပါတယ်။ တခြား အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကို သုံးထားကြတော့ ကိုမှော်ဆရာက ဘာကြောင့် မြန်မာသရီးဖောင့်ကို သုံးတာပါလဲ သိပါရစေ။

>> ဒီဟာက သိပ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဂရုတစိုက်ဖြေမှ ရမယ့် မေးခွန်းမျိုးပါ။အမှန်တော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် “ယူနီကုဒ် နှင့် မြန်မာစာ ယဉ်ကျေးမှု” ဆိုတဲ့ စာတမ်းမှာ အပြည့်အစုံ ဖြေပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် စာတမ်းကို မဖတ်ရှုရသေးသူတွေ အနေနဲ့ရော ဒီစာတမ်း တစ်ခုလုံးရဲ့ အဓိက ဦးတည်ချက်နှင့် ရည်ရွယ်ချက် ကိုပါ ခြုံငုံမိအောင် တတ်နိုင်သမျှ အကျဉ်းချုံးပြီး ကျွန်တော် ကြိုးစား ဖြေကြည့်ပါ့မယ်။

(၁) လူအားလုံး ဇော်ဂျီဖောင့်ထ် သုံးနေချိန်မှာ မြန်မာသရီးကို ကျွန်တော်သုံးကြည့်ဖို့ ကြိုးစားတာဟာ သူ့ရဲ့ စံနှုန်းကိုက် ဖြစ်တည်မှု (လက်ရှိ ကမာ္ဘ့ စံပြုအဖွဲ့အစည်း တစ်ခုက လက်ခံ သတ်မှတ်ထားတဲ့ စံနှုန်းကိုက်ခြင်း ကိုဆိုလိုပါတယ်) ကို နေရာပေး၊ အသိအမှတ်ပြုဖို့ ကြိုးစားခြင်း ဖြစ်သလို အဲဒီ စံနှုန်းကိုက် ဖြစ်တည်မှုက တဆင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို အနာဂတ် အတွက် ကြိုတင် ရင်းနှီးမြှပ်နှံခြင်း လို့လည်း ဆိုနိုင်ပါတယ်။

(၂) နောက် တစ်ချက်ကိုတော့ ဥပမာ တစ်ခုနှင့် နှိုင်းယှဉ်စဉ်းစားပြီး ပြောလိုပါတယ်။ ဥပမာ တစ်ခုအနေနဲ့ အရက်ကြိုက်တဲ့ လူတစ်ယောက် အရက်စွဲတဲ့ ဝေဒနာ အပြင်၊ အစာအိမ်ဝေဒနာ ကိုပါ နှစ်ရှည်လများ ခံစားနေရသူ တစ်ဦးရှိသည်ဟု ဆိုပါစို့။ သူအရက် ကိုသောက်လာသည်ကလည်း အတော်ကြာနေပြီ၊ အဟာရဖြစ်မည့် အစားအစာ ကို အဟာရဖြစ်လောက်ရုံမျှပင် မစားသည်အထိ အရက်ကို ကြိုက်တတ်၏။ ကြာတော့ ထိုလူ့ အတွက် အရက်ကပင် အဟာရ ဖြစ်လာသည်။ နောက်ပိုင်း ထိုအရက်ကြောင့် ပင် အစာအိမ် ရောဂါ ဆိုသော ဝေဒနာ တစ်ခုပါ ထပ်တိုးလာသည်။ လတ်တလော အနေဖြင့်တော့ သူခံစားနေရသော ဝေဒနာတွေ အတွက် အရက်က အကောင်းဆုံးနှင့် အဆင်ပြေဆုံး ဆေးဝါး တစ်ခုဖြစ်သည်။ အရက်တစ်ခွက် သောက်လိုက်ရုံဖြင့် ဝေဒနာ အားလုံး သက်သာသည့် နည်းတူ လူလည်း လန်းလန်းဆန်းဆန်း ၊ တက်တက်ကြွကြွ နှင့် မြင်ရသမျှ လူတို့က ရောဂါသည် တစ်ဦးဟုပင် မထင်မှတ်စရာ ဖြစ်နေသည်။ သို့သော် လတ်တလော အတွက် အကောင်းဆုံး ဖြေဆေးဟု ထင်မှတ်ထားသော အရက်ကပင် သူ့အသက်ကို တစ်ဖြည်းဖြည်း ဇီဝိန်ချွေနေသည့် သေဆေး အဖြစ်သို့ ရောက်ရောက် လာနေသည်ကိုတော့ သူ့ကိုယ်သူလည်း သတိထားမိလာသည်။ ထိုအခြေအနေမှာ သူ့အတွက် လတ်တလော အကောင်းဆုံး ဖြေဆေး တစ်ခုဖြစ်တဲ့ အရက်ကိုပဲ ဆက်သောက်မည်လား၊ ဒါမမဟုတ် တစ်ကယ့်ကို ထိထိရောက်ရောက် ကိုယ့်ဝေဒနာတွေကို သက်သာပျောက် ကင်း စေမယ့် အစားအစာ နဲ့ ဆေးဝါးမျိုးတွေကို ပြောင်းလဲမှီဝဲ သုံးစွဲမည်လား ဆိုသည်ကိုတော့ သူဆုံးဖြတ်ရတော့မည် ဖြစ်သည်။
အထက်က ဥပမာ အရပြောရရင် ကျွန်တော် မြန်မာ-၃ ကိုသုံးတာဟာ ဖြေဆေး အစစ်ကို ရှာကြည့်ဖို့ ကြိုးစား ကြည့်တာပါ လို့လည်း ပြောလို့ရပါတယ်။

(၃) မြန်မာ-၃ ကိုပြောင်းသုံးခြင်းဖြင့် ကျွန်တော့် အတွက် အခက်အခဲ၊ အကြပ်အတည်း ကြီးကြီးမားမား တွေနဲ့ တွေ့လာရနိုင်တယ် ဆိုတာ ကျွန်တော် သိပြီးသားဖြစ်ပါတယ်။ ပထမဆုံး အချက်ကတော့ ကျွန်တော့်ဘလော့ဂ်ရဲ့ မများလှတဲ့ စာဖတ်ပရိတ်သတ် အနည်းငယ်ဟာ ဘလော့ဂ်ကို ဖတ်မရခြင်း ဆိုတဲ့ အခက်အခဲနဲ့ ပထမဆုံး ရင်ဆိုင်ရမယ် ဆိုတာပါပဲ။ နောက်တစ်ချက်ကတော့ ကျွန်တော်ကိုယ်တိုင် မြန်မာ-၃ ကိုပြောင်းသုံးပေမယ့် လည်း ဇော်ဂျီကို လုံးလုံးလျားလျား မပစ်ပယ်နိုင်သေးသည့် နည်းတူ သူ့ရဲ့ သြဇာ၊ အရှိန်အဝါနဲ့ ကျေးဇူးတွေဟာ ကျန်တဲ့ အားလုံးသော ဝက်ဘ်စာမျက်နှာတွေပေါ်မှာပါ တည်ရှိနေဆဲ ဖြစ်တဲ့ အတွက် ဇော်ဂျီကိုပါ မဖြစ်မနေ တွဲသုံးဖို့ လိုအပ်တဲ့ အနေအထား တစ်ခုကို ဖြစ်လာစေပါတယ်။ အဲဒီလို အစစအရာရာ နှင့် အခြေအနေအတော်များများမှာ ဇော်ဂျီကိုပဲ ရှေ့တန်းတင် သုံးတဲ့ အနေအထား တစ်ခုကနေ ဘလော့ဂ် ဆိုတဲ့ နယ်ပယ်မှာတော့ စံနှုန်းကိုက် ယူနီကုဒ် ဖောင့်ထ်တစ်ခု ဖြစ်တဲ့ မြန်မာ-၃ ကိုတော့ ဦးစားပေး-၁ အနေနဲ့ စမ်းသုံးကြည့်ဖို့ စတင်ကြိုးစားခြင်း လို့လည်း ပြောနိုင်ပါတယ်။

(၄) နောက်ဆုံး အချက်အနေနဲ့ကတော့ အခု ဇော်ဂျီသည်လည်း ယူနီကုဒ် စံနှုန်းကိုက် မဟုတ်သည့်တိုင် ပေါ်စကတည်းက အနယ်နယ် အရပ်ရပ်ရှိ အသုံးပြုသူတွေထံမှ Feedback အမျိုးမျိုးကို လက်ခံရရှိခဲ့ပြီး အဲဒီ့ အချက်တွေအရပဲ နောက်ထပ် ဗားရှင်း အသစ်တွေကို ဖြည့်စွက် ပြင်ဆင်မှုတွေ လုပ်ခဲ့ကြတယ် လို့ သိရှိမှတ်သား မိပါတယ်။ အခု ကျွန်တော်တို့ ယူနီကုဒ် စံနှုန်းကိုက် လို့ ဆိုတဲ့ မြန်မာ-၃ ဖောင့်ထ် မှာရော ဘာလိုအပ်ချက်တွေရှိ တယ်၊ ဘာတွေ ထည့်သွင်းဖို့ လိုနေတယ်၊ ဘယ်လို အားနည်းချက်တွေ ရှိတယ် ဆိုတာကို တစ်ကယ် လက်တွေ့ ထဲထဲဝင်ဝင် မသုံးကြည့်ပဲ အဆင်မပြေဘူး၊ မကောင်းဘူး၊ မှားနေတယ်၊ ဖောင့်ထွက် မလှဘူး. လို့ ပြောနေမယ့် အစား မကောင်းဘူး ဆိုရင်လည်း ဘာတွေ မကောင်းတာလဲ၊ မှားနေတယ် ဆိုရင် ဘာတွေမှားနေတာလဲ၊ အဆင်မပြေဘူး ဆိုတာ ဘာတွေ အဆင်မပြေတာလည်း စသဖြင့် အခြေအနေအားလုံး အတွက် အမျိုးမျိုးဖြစ်နိုင်တဲ့ အားနည်းချက်၊ လိုအပ်မှုတွေကို တိတိကျကျလေး ဖြစ်လာနိုင်အောင် စမ်းသပ် အဖြေရှာ သုံးစွဲ ကြည့်ခြင်း ဖြစ်သလို၊ အနာဂတ်မှာ အများပြည်သူနဲ့ အနီးစပ်ဆုံး ယူနီကုဒ်ဖောင့် တစ်ခုဖြစ်လာနိုင်တဲ့ ဒီဖောင့်ထ် ကို ယခုကတည်းက ကျယ်ကျယ်ပြန့်ပြန့် စတင်သုံးစွဲကြပြီး လူအမျိုးမျိုးထံက အမြင် အမျိုးမျိုး၊ မှတ်ချက် အမျိုးမျိုး ရရှိလာခြင်း ဖြင့် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့၊ User Friendly ဖြစ်တဲ့ ဗားရှင်းတွေ ထွက်လာနိုင်ရေး တစ်ဖက်တစ်လမး်က ကူညီကြည့်ကြဖို့ ကြိုးစားကြည့်ခြင်း လို့လဲ ပြောနိုင်ပါတယ်။

ခုကြားနေရတာတွေပေ့ာ။ ဖိုင်းရားဖောက်စ် ဗားရှင်းအသစ် သုံးတဲ့သူတွေက ဇော်ဂျီဖောင့်ကို အင်စတောမလုပ်ဘဲ မမြင်ရဘူးလို့ ဆိုပါတယ်။ အဲဒါ ဟုတ်ပါသလား သိပါရစေ။


>> ကျွန်တော် ယူဆတာကတော့ အဲဒီ အခြေအနေဟာ တစ်ချို့ အတွက် မှန်ပြီး တစ်ချို့အတွက်တော့ မှားလိမ့်မယ် လို့ ထင်ပါတယ်။ ဆိုလိုတာကတော့ ဒါဟာ ဖတ်ရှုတဲ့ (မြန်မာ) ဘလော့ဂ် ရဲ့ Coding (CSS) အပိုင်းမှာ အများကြီး မှီတည်ပါလိမ့်မယ်။ အကယ်၍ မိမိဖတ်ရှုတဲ့ ဘလော့ဂ်ဟာ ဘလော့ဂ်ရဲ့ CSS (Cascading Style Sheets) လို့ ခေါ်တဲ့ အသွင်အပြင်နေရာ ချထားမှု၊ ခေါင်းစဉ်၊ ခေါင်းစဉ်လေး၊ စာကိုယ်စတာတွေမှာ EOT (Embedded Open Type File) လို့ခေါ်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီထုတ် Web Embedding Fonts Tool (WEFT) နဲ့ ZawgyiOne Font ကို Embedded Font File ပြုလုပ်ပြီး သုံးစွဲထားမယ် ဆိုရင်တော့ ဖိုင်းရားဖောက်စ် ဗားရှင်း အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ၊ ဇော်ဂျီကို အင်စတောလ် လုပ်ထားသည်ဖြစ်စေ၊ မလုပ်ထားသည် ဖြစ်စေ အားလုံး အဆင်ပြေပြေ မြင်ရပါလိမ့်မယ်။ သဘောကတော့ ဒီ ဇော်ဂျီဖောင့်ထ်ကို Embedded လုပ်ထားတဲ့ ဝဘ်စာမျက်နှာ ကိုယ်တိုင်က သူသုံးမယ့် ဖောင့်ထ်ကို သူကိုယ်တိုင် ပုံသေအဖြစ် သတ်မှတ် ထားလိုက် လို့ဖြစ်ပါတယ်။ အကယ်၍ မိမိကြည့်ရှုလိုတဲ့ ဘလော့ဂ် သို့မဟုတ် ဝဘ်စာမျက်နှာက Embedded လုပ်ထားတဲ့ ဖောင့်ထ် တစ်မျိုးမျိုး ကို မသုံးစွဲထားပဲ သာမန်အတိုင်းပဲ ရေးပြီး ဝဘ်ပေါ်ကို တင်ထားတာ မျိုး ဆိုရင်တော့ အဲဒီ ဝဘ်စာမျက်နှာကို ဖတ်ရှုဖို့ မိမိစက်ထဲမှာ သူသုံးထားတဲ့ ဖောင့်ထ် အမျိုးအစား မရှိပဲ အဆင်ပြေပြေ မြင်ရဖို့ မဖြစ်နိုင်ပါဘူး။ ဒီ အခြေအနေဟာလည်း အထူးသဖြင့် မြန်မာ ဘာသာနဲ့ ရေးတဲ့ ဝဘ်ဆိုဒ်တွေအတွက် ရင်ဆိုင် နေရတဲ့ ပြဿနာ တစ်ခုပါပဲ။ ယူနီကုဒ် စံနှုန်းကိုက် မြန်မာဖောင့်ထ်များ မရှိသေးခြင်း တွေရဲ့ အကျိုးဆက်တွေလို့ ပြောလို့ရပါမယ်။ အကယ်၍ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ မြန်မာ ဖောင့်ထ်များ အားလုံးသာ စံသတ်မှတ်ချက် တစ်ခုတည်းအောက်မှာ ထုတ်လုပ်ခဲ့ကြတာ ဆိုရင် ဒီပြဿနာ ကြုံလာဖို့ လုံးဝ မရှိပါဘူး။ ဆိုလိုတာကတော့ အဲဒီလို စံနှုန်းကိုက် ဖောင့်ထ်များ ဖြစ်ကြောင်းမှန်ရင် မိမိ စက်ထဲမှာ မြန်မာသရီးပဲ ရှိရှိ၊ ဇော်ဂျီပဲ ရှိရှိ၊ ပိတောက်ပဲ ရှိရှိ၊ မိုင်မြန်မာပဲရှိရှိ ကြိုက်ရာ မြန်မာဖောင့်ထ် တစ်ခုရှိရုံနဲ့ အဲဒီဝဘ်စာမျက်နှာကို ဖတ်ရှုနိုင်ရမှာ ဖြစ်ပါတယ်။ စံနှုန်း သတ်မှတ်ချက် တစ်ခုတည်းအောက်မှာ ထုတ်လုပ်ခဲ့ကြတာ ဖြစ်တဲ့ အတွက် တစ်ခုမရှိရင် နောက်တစ်ခုက အလိုအလျောက် နေရာယူ အစားထိုး ပြသ ပေးသွားပါလိမ့်မယ်။ ဒီ့ထက် ပိုတိုးတက်တဲ့ အခြေအနေမှာ ဆိုရင်တော့ မိမိစက်ထဲမှာ ယူနီကုဒ် စနစ်အောက်မှာ ထုတ်လုပ်ထားတဲ့ မည်သည့် ယူနီကုဒ် ဖောင့် (En, Ru, Cn, Jp, ..etc) အမျိုးအစား မဆို တစ်ခုရှိရုံနဲ့ ယူနီကုဒ်နဲ့ ရေးသားထားတဲ့ မြန်မာဝဘ်စာမျက်နှာတွေကို အလွယ်တစ်ကူ ဖတ်ရှုနိုင်မှာပါ။ ဘယ်လိုပဲ ဖြစ်ပါစေ. စံနှုန်းကိုက် ဖောင့်ထ် တစ်ခုကို မသုံးနိုင်သေးတဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ်ဖတ်ချင်တဲ့ မြန်မာ ဝဘ်စာမျက်နှာကို အဆင်ပြေပြေနှင့် အကောင်းဆုံး ဖတ်ရှုဖို့ အတွက် အဲဒီ ဝဘ်စာမျက်နှာမှာ သုံးထားတဲ့ ဖောင့်အမျိုးအစားကိုို မိမိစက်ထဲ သေချာပေါက် ထည့်သွင်းပြီးမှ ဖတ်ရှုခြင်းကသာ အကောင်းဆုံးနှင့် အဆင်အပြေဆုံး ဖြစ်နိုင်ပါကြောင်း ဖြေကြား လိုပါတယ်။ နောက် လိုအပ်ခဲ့ရင် မိမိ အသုံးပြုတဲ့ ဘရောက်ဇာတွေရဲ့ View နှင့် Options တွေမှာလည်း Font နှင့် Encoding Method တွေကို ပြောင်းလဲ သတ်မှတ် ပြီး ဝဘ်စာမျက်နှာတွေကို မိမိမြင်ချင်သလို မြင်နိုင်အောင် သတ်မှတ်ထားရှိ နိုင်ပါသေးတယ်။

နောင်မှာ ဇော်ဂျီဖောင့်ကို သုံးထားတဲ့ အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကို စက်ထဲမှာဇော်ဂျီဖောင့်မရှိပဲမမြင်ရတော့ဘူးလို့ ပြောနေသံတွေ ကြားနေရတာ အဲဒါကို နားမလည်လို့ နည်းနည်းရှင်းပြပေးပါလား။

>> ကျွန်တော် နားလည်တာကတော့ ဒီမေးခွန်းဟာ နားလည်မှု အနည်းငယ် လွဲချော်ခြင်း ကြောင့် ဖြစ်လာရတယ်လို့ ယူဆမိပါတယ်။ အမှန်တစ်ကယ် ဖြစ်သင့်တဲ့ မေးခွန်းက “ နောင်တစ်ချိန်မှာ ယူနီကုဒ် ဆိုတဲ့ စံအောက်၊ စနစ်အောက်မှာ မြန်မာဘာသာစကား တစ်ခုလုံးနဲ့ ဖောင့်ထ်တွေ အလုပ်လုပ်ကြတော့မယ် (သက်ဆိုင်ရာ ဆော့ဖ်ဝဲရ်ရေးတဲ့ ကုမ္ပဏီကြီးတွေကလည်း အဲဒါကို Support လုပ်ကြတော့မယ်) ဆိုရင် ကွန်ပြူတာ အတွင်းမှာ အကယ်၍ မည်သည့် မြန်မာဖောင့်ထ် မှ မရှိသည့်တိုင် ယူနီကုဒ်စနစ်အောက်မှာ မြန်မာဘာသာစကား အခြေခိုင်ခိုင်နဲ့ ရောက်နေပြီဖြစ်တဲ့ အတွက် မြန်မာစာလုံးတွေကို မြင်တွေ့၊ ဖတ်ရှုနိုင်ပါလိမ့်မယ်။ (အခုအခြေအနေနဲ့ ဆိုရင် တရုတ်၊ ဂျပန် နှင့် စပိန်၊ ရုရှား စတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ ဝဘ်စာမျက်နှာတွေကို မိမိကွန်ပြူတာ အတွင်းမှာ သက်ဆိုင်ရာ ယူနီကုဒ်ဖောင့်ထ် တွေ မိမိကိုယ်တိုင် အထူးတလည် ရှာဖွေထည့်သွင်း မထားသည့်တိုင် မြင်တွေ့ဖတ်ရှုရနိုင်ပုံမျိုး နဲ့ သွားတူပါလိမ့်မယ်) ယူနီကုဒ်ရဲ့ နေရာချထားမှုနှင့် စံသတ်မှတ်ချက်တွေကို အပြည့်အဝ လိုက်နာမထားတဲ့ ဇော်ဂျီဖောင့်သုံး စာမျက်နှာတွေ အနေနဲ့ကတော့ အဲဒီလို ဘာဖောင့်ထ် မှ မရှိပေမယ့်လည်း မြန်မာလို မြင်တွေ့ဖတ်ရှုနိုင်တဲ့ အခွင့်အရေးမျိုး ရနိုင်ပါ့မလား.” အဲဒီလိုသာ ဖြစ်သင့်ပါတယ်။

အဲဒီမေးခွန်းအတွက် အဖြေကတော့ မြင်တွေ့ဖတ်ရှု မရနိုင်ပါဘူး လို့ပဲ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အခြေအနေအားလုံး အတွက် လုံးဝကို မြင်တွေ့ ဖတ်ရှု မရနိုင်လောက်အောင် ဖြစ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ မြန်မာဆိုဒ်တွေထဲမှာလည်း ယူနီကုဒ် မဟုတ်တဲ့ ASCII ဖောင့်ထ် အမျိုးအစားတွေကို သုံးနေကြတဲ့ ဆိုဒ်တွေ အများအပြား ရှိကြပါတယ်။ အဲဒီလို ဆိုဒ်တွေကို မြင်တွေ့ ဖတ်ရှုနိုင်ဖို့ အတွက် ၎င်းဆိုဒ်က သက်ဆိုင်ရာ ဖောင့်ထ် ကို မိမိစက် အတွင်း ထည့်သွင်းလိုက်ရုံနဲ့ အဆင်ပြေသွားတာကို တွေ့ရမှာပါ။ နောက်ပိုင်း အနာဂတ်မှာ ဇော်ဂျီအနေနဲ့ ထပ်မံပြီး စံနှုန်းကိုက် ဖောင့်ထ် အမျိုးအစားမျိုး Develop မလုပ်လာသည့်တိုင် ယခု လက်ရှိသုံးနေတဲ့ ဇော်ဂျီဖောင့်ထ် ကိုပဲ မိမိစက်ထဲမှာ ထည့်သွင်းထားခြင်းဖြင့် ဇော်ဂျီသုံး စာမျက်နှာတွေကို ဖတ်ရှုနိုင်ပါလိမ့်မယ်။ နောက် မိမိရဲ့ အင်တာနက် ဘရောက်ဇာ Setting ကိုလည်း ပြင်ဆင်သင့်ရင် ပြင်ဆင်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။

ခုနောက်ပိုင်းမှာ ဝင်းဒိုးအသစ်တင်ရင် ၊ ဂျီတော့ခ် အသစ်တင်ရင် ဇော်ဂျီဖောင့်ကို ရိုက်လို့ မရတာမျိုးဖြစ်တာ ဘာကြောင့်ပါလဲ သိပါရစေ။ ရိုက်လိုက်တိုင်း လေးထောင့်ကွက်တွေပဲ ပေါ်နေတာမျိုးပေ့ာ။

>> ဒါကတော့ ဇော်ဂျီကို ထုတ်လုပ်သူတွေရဲ့ စီစဉ်ဆောင်ရွက်မှု လို့ပြောလို့ ရသလို အခုနောက်ပိုင်း ဘရောက်ဇာတွေ၊ ဝင်းဒိုးစ် စနစ်တွေနဲ့ ဂျီတော့ခ် စတာတွေရဲ့ ဗားရှင်း အပြောင်းအလဲနှင့် သူတို့ သတ်မှတ်တဲ့ Encoding စနစ်တွေ ကွာဟသွားမှုကြောင့်လို့ လည်း ပြောလို့ရပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် အရင်က ဝင်းဒိုးစ် XP မှာ ယူနီကုဒ် အတွက် Default Character Encoding က UTF-8 ပါ။ အခု ဝင်းဒိုးစ် Vista မှာတော့ ယူနီကုဒ် အတွက် Default Character Encoding ကို UTF-16 အဖြစ်ပြောင်းလဲ သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ မြန်မာယူနီကုဒ် နဲ့ တစ်ကွ အများစုသော ယူနီကုဒ် ဖောင့်ထ် တွေ သတ်မှတ်သုံးစွဲကြတဲ့ Character Encoding စနစ်ကတော့ UTF-8 ဖြစ်ပါတယ်။ အရင်ကတော့ ဇော်ဂျီကို မိမိစက်ထဲမှာ အင်စတောလ် လုပ်လိုက်တာနဲ့ ဝင်းဒိုးစ်၊ ဘရောက်ဇာ၊ ဂျီတော့ခ် စတာတွေမှာ အလိုအလျောက် Default Font ဖြစ်အောင် ဝင်းဒိုးစ် စနစ်ရဲ့ Registry ထဲကို အလိုအလျောက် သွားပြင်ပေးအောင် ဇော်ဂျီ Installer Package ထဲမှာ ပါကောင်းပါခဲ့ ပါလိမ့်မယ်။ အခုနောက်ပိုင်းမှာ အဲဒီ Default Font အလိုအလျောက် သတ်မှတ်ပေးတဲ့ စနစ်ကို ဇော်ဂျီထုတ်လုပ်သူတွေ ကိုယ်တိုင် ဖြုတ်ထားရစ်ခဲ့တာ ဖြစ်နိုင်သလို၊ အကယ်၍ အဲဒီ စနစ်ပါခဲ့သည့်တိုင် အထက်မှာ ကျွန်တော်ပြောခဲ့သလို Encoding စနစ်တွေချင်း သွား ကွာဟ နေတဲ့ အတွက် အလုပ်မဖြစ်တော့တာ ဖြစ်နိုင်ပါတယ်။ အဲဒီ ပြဿနာ အတွက် ဂျီတော့ခ် မှာဆိုရင်လည်း ဂျီတော့ခ် ရဲ့ Setting ကနေတဆင့် Font ကို မိမိ စိတ်ကြိုက် ရွေးချယ်သတ်မှတ်ခြင်း ဖြင့် အလွယ်တစ်ကူ ဖြေရှင်းနိုင်ပါတယ်။ ဝင်းဒိုးစ် စနစ်မှာ ဆိုရင်တော့ System Default Font ကို မိမိကိုယ်တိုင် Zawgyi Font လိုက်ပြောင်းပေးခြင်း ဖြင့် အဆင်ပြေစေမှာပါ။

မြန်မာဘာသာကို အသုံးပြုတဲ့ website တွေမှာ ဘယ်မြန်မာဖောင့်ကို သုံးရင် အဆင်ပြေဆုံး ဖြစ်ပါမလဲဆိုတာ သုံးသပ်ပေးပါလား။


>> ဒီမေးခွန်းကို အဖြေပေးဖို့ အတွက် အခြေအနေ လေးခုကို ကျွန်တော်တို့ ကြိုတင် စဉ်းစားကြည့်ပါမယ်။ အဆင်ပြေဆုံး ဆိုတဲ့ နေရာမှာ (၁) ဝဘ်ဆိုဒ်ကို ဖန်တီး ရေးသားသူ အတွက် အဆင်ပြေဆုံး ဖြစ်မှု၊ (၂) ဝဘ်ဆိုဒ်ကို ဖတ်ရှုသူတွေ အတွက် အဆင်ပြေဆုံး ဖြစ်မှု နှင့် (၃) ဖန်တီးသူရော ဖတ်ရှုသူ နှစ်ဦးလုံး အသုံးပြုကြတဲ့ ဝဘ်ဘရောက်ဇာ (Web Browser) တွေ အတွက် အဆင်ပြေဆုံး ဖြစ်မှု၊ (၄) ရှေ့က အချက်သုံးခုလုံးကို ရေရှည် လုပ်ငန်းများ အတွက်ပါ အာမခံနိုင်ပြီး အဆင်ပြေဆုံး ဖြစ်လာနိုင်မှု စတဲ့ လေးချက်ပါ။

လတ်တလော အခြေအနေအရတော့ ကျွန်တော်တို့ မြန်မာ အင်တာနက် နှင့် ဝဘ်ယူဇာ တွေ အတွက် ဇော်ဂျီဖောင့်ထ် က ပထမဆုံး အခြေအနေသုံးခု အတွက် အဆင်ပြေဆုံး ဆိုတဲ့ ဘုံ အနေအထား တစ်ခုကို ဖန်တီးပေးထားတာ အမှန်ပါပဲ။ ဒါပေမယ့် ဒီ အဆင်ပြေဆုံး ဆိုတဲ့ အနေအထားဟာ လတ်တလော အတွက်သာ ဖြစ်ပြီး နံပါတ် (၄) အချက်ဖြစ်တဲ့ အထက်က အချက်သုံးချက်လုံးကို အနာဂတ်အတွက်ရော၊ လက်ရှိမှာ လုပ်ကိုင် အသုံးပြုနေကြတာတွေ အတွက်ပါ အသင့်တော်ဆုံး ဖြစ်ပါ့မလား ဆိုတာကိုတော့ ကျွန်တော်တို့ ထပ်စဉ်းစား ကြည့်ကြဖို့ လိုပါမယ်။ ဒီနေရာမှာ အဆင်ပြေဆုံး ဖြစ်သည်ဖြစ်စေ၊ အသင့်တော်ဆုံး ဖြစ်သည်ဖြစ်စေ အနေအထား ၂-ရပ်လုံးဟာ လူတွေကိုယ်တိုင် ဖန်တီး သတ်မှတ်ယူလို့ရတယ် ဆိုတာကိုတော့ တစ်ချက် လေးလေးနက်နက် မှတ်သား ထားခဲ့ စေချင်ပါတယ်။ တစ်ခု ရှိသေးတာကလည်း ဒီ စကားစု ၂-ခု ကိုလည်း ရောရောထွေးထွေး မစဉ်းစားပဲ သီးခြားစီ မိမိစိတ်ထဲ မှာ နားလည် သဘောပေါက်ထားဖို့လည်း လိုပါသေးတယ်။ အသင့်တော်ဆုံး ဆိုတိုင်း အရာရာနှင့် အံဝင်ဂွင်ကျ အဆင်ပြေဆုံး မဖြစ်နိုင်သလို၊ အဆင်ပြေဆုံး ဆိုတိုင်းလည်း အခြေအနေအားလုံး အတွက် အသင့်တော်ဆုံး မဖြစ်နိုင်ပါဘူး။

ဆိုတော့ကာ လက်ရှိ လူမြန်မြန်သိဖို့ လိုတဲ့၊ အလွယ်တစ်ကူလည်း အသုံးပြုနိုင်ဖို့ လိုတဲ့ ရေတိုလုပ်ငန်းနှင့် သက်ဆိုင်တဲ့ ဝဘ်ဆိုဒ်တစ်ခုကို ကျွန်တော် Develop လုပ်ရမယ် ဆိုရင်တော့ ကျွန်တော် လတ်တလော အဆင်ပြေဆုံး ဆိုတဲ့ ဇော်ဂျီဖောင့်ထ် ကို သုံးဖြစ် ပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ နှစ်ကာလများစွာ ရင်းနှီးမြှပ်နှံ လုပ်ကိုင်ရမယ့် လုပ်ငန်းသုံး ဝဘ်ဆိုဒ်မျိုးတွေ (ဥပမာ - ပညာရေး ဆိုင်ရာ ဝဘ်ကွန်ယက်မျိုး၊ ဘာသာစကား အဘိဓာန် ဆိုင်ရာ ဝဘ်ဆိုဒ်မျိုး၊ မြေပုံ၊ ဈေးကွက် နှင့် သန်းခေါင်စာရင်း ဆိုင်ရာ ၊ ရှာဖွေ အသုံးချခြင်း ဆိုင်ရာ ဝဘ်ဆိုဒ်မျိုး.. စသဖြင့် ) ထဲက တစ်ခုခုကို တည်ဆောက်ရမယ် ဆိုရင်တော့ ကျွန်တော် ယူနီကုဒ် စံသတ်မှတ်ချက်နှင့် ကိုက်ညီတဲ့ အလွယ်တစ်ကူနှင့် လူတိုင်း အခမဲ့ ရနိုင်တဲ့ မြန်မာ-၃ ၊ ပိတောက်၊ ပုရပိုဒ်. စတဲ့ ဖောင့်ထ် တွေ အနက်က တစ်ခုခုကို အားလုံး အတွက် လက်ရှိမှာ အဆင်ပြေဆုံး မဖြစ်ပေမယ့်လည်း မဖြစ်မနေ အသုံးပြုဖို့ ဆုံးဖြတ်မိမှာပါပဲ။ ဒါဟာ ရေတို အဆင်ပြေဆုံး ဆိုတဲ့ အနေအထားကို ကျော်လွန်ပြီး ရေရှည်မှာ အဆင်ပြေဆုံး ဖြစ်လာနိုင်တဲ့ လက်ရှိ အသင့်တော်ဆုံး ဆိုတာကို စဉ်းစား ရွေးချယ် လိုက်တာပဲ ဖြစ်ပါတယ်။

အကျဉ်းချုပ် ပြောရရင်တော့ မည်သည့်ဖောင့်ထ် အမျိုးအစား ကိုပဲ သုံးသုံး မိမိရဲ့ လိုအပ်ချက်၊ စားသုံးသူ ဈေးကွက် ရဲ့ လိုအပ်ချက်နှင့် အနာဂတ်အတွက်ပါ အဲဒီဖောင့်ထ်ဟာ လိုအပ်ချက် ရှိလာနိုင်၊ မလာနိုင် စတာတွေ ကိုပါ ထည့်သွင်း စဉ်းစားပြီး လတ်တလော အဆင်ပြေဆုံး ဆိုတဲ့ အနေအထား အပြင် အခြေအနေ အားလုံး အတွက် အသင့်တော်ဆုံး ဆိုတာကိုပါ မဖြစ်မနေ ထည့်သွင်း စဉ်းစားပြီးမှ အသုံးပြုသင့်တဲ့ အကြောင်း ဖြေကြား လိုပါတယ် ခင်ဗျား။

အခုလို ဖြေကြားခွင့်ရတဲ့ အတွက် လောကအလှ မဂ္ဂဇင်းကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောလိုပါတယ် ခင်ဗျား။

ဟုတ်ကဲ့… ကိုမှော်ဆရာ ။ ခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတာကို ကျွန်မတို့ လောကအလှမှလည်း ကိုမှော်ဆရာကို ကျေးဇူးတင်ပါတယ် ရှင်။